အဏုမြူလက်နက်

June 13, 2018

ကိုရီးယားကျွန်းဆွယ် အဏုမြူလက်နက်ဖျက်သိမ်းရေး ကူညီရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား သဘောတူညီခဲ့တဲ့ ကိုရီးယားကျွန်းဆွယ် အဏုမြူလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး ဝိုင်းဝန်းကူညီကြဖို့" နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်ကို သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ်က ဖတ်ကြားခဲ့တာဖြစ်ပါတယ်။ “အထွေထွေအတွင်းရေးမှူးချုပ်က ဆွေးနွေးပွဲမလုပ်ခင် ခေါင်းဆောင်နှစ်ဦးထံ ပေးပို့တဲ့စာထဲမှာ လမ်းကြောင်းမှန်ရောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု၊ စေ့စပ်ညှိနှိုင်းမှုနဲ့ ဘုံသဘောတူညီချက်တွေ လိုအပ်တယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။ အခုရလိုက်တဲ့ သဘောတူညီချက်တွေနဲ့ အရင်ကရှိထားတဲ့ သဘောတူညီချက်တွေကို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့အညီ လက်တွေ့ အကောင်အထည်ဖော်ဖို့ဆိုရင် စိတ်ရှည်မှုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်ပါတယ်။ "ဒီကနေ့ရလိုက်တဲ့ အင်မတန်ကေင်းတဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့ သက်ဆိုင်ရာနိုင်ငံအားလုံးကို အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။  ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို အပြည့်အဝ ကူညီသွားဖို့လည်း အတွင်းရေးမှူးချုပ်က အဆင်သင့် ဖြစ်နေပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကလည်း လိုအပ်ရင် အပြည့်အဝကူညီဖို့ ဒီကနေ့အစောပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်” လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ်က ပြောကြားသွားပါတယ်။
3 years Ago
Up