အဇာဘိုင်ဂျန် စွပ်စွဲ

October 18, 2020

အာမေးနီးယားဒုံးကျည်တိုက်ခိုက်မှု လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုဟု အဇာဘိုင်ဂျန် စွပ်စွဲ

အဇာဘိုင်ဂျန်နိုင်ငံထဲက ဂန်ဂျာမြို့ကို အာမေးနီးယားနိုင်ငံက ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲလို့ အဇာဘိုင်ဂျန် အစိုးရရှေ့နေချုပ် ခမ်ရန်အလီယဗ်က အောက်တိုဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။  သက်သေအားလုံးကို စုဆောင်းပြီးရင် ဒီတိုက်ခိုက်မှုကို အာမေးနီးယားအစိုးရက တာဝန်ယူ ဖို့ ပြည်တွင်း၊ပြည်ပ တရားစီရင်ရေး နည်းလမ်းအားလုံးကို သုံးမယ်လို့လည်း သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ အာမေးနီယားဘက်က ဒုံးကျည်နဲ့  တိုက်ခိုက်လို့ ဂန်ဂျာမှာ အရပ်သား ၁၃ ယောက် သေဆုံးပြီး အယောက် ၅၀ ကျော် ဒဏ်ရာရတယ်လို့ အဇာဘိုင်ဂျန်အစိုးရက ပြောပြီး အာမေးနီးယားအစိုးရကတော့ အဇာဘိုင်ဂျန်ဘက်က လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။   နာဂေါ်နို ခါရာဘတ်ဒေသရဲ့ အကြီးဆုံးမြို့ စတေပါနာကာ့တ်အပါအဝင် ဒေသတွင်းက လူဦးရေများတဲ့ ဒေသတွေရယ်၊ အဇာဘိုင်ဂျန်နိုင်ငံထဲက မြို့တွေရယ်ကို အာမေးနီးယားဘက်က လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်တယ်ဆိုတဲ့ အဇာဘိုင်ဂျန်အစိုးရရဲ့ စွပ်စွဲချက်ကို အာမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ငြင်းပါတယ်။  ရုရှားက ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်က အကြမ်းဖက်မှုကို မတားနိုင်တဲ့နောက် သီတင်းပတ် တပတ်ကြာ တိုက်ပွဲ အသစ်တွေနဲ့ ပတ်သက်လို့ သဘောတူညီချက် ချိုးဖောက်သူအဖြစ် နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲကြပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ အဇာဘိုင်ဂျန် နဲ့ အာမေးနီးယား တိုင်းရင်းသားတပ်တွေကြား အဆိုးဆုံးတိုက်ပွဲလည်း ဖြစ်ပါတယ်။ နာဂေါ်နို ခါရာဘတ်ဒေသဟာ အဇာဘိုင်ဂျန်နိုင်ငံထဲမှာရှိပေမဲ့ အာမေးနီးယား တိုင်းရင်းသားတွေ နေထိုင်မှုများပြီး သူတို့ဘာသာ အုပ်ချုပ်ကြပါတယ်။  တကယ်လို့ ဒီစစ်ပွဲထဲမှာ ရုရှားနဲ့ တူရကီဝင်ပါလာခဲ့ရင် ဒီပဋိပက္ခဟာ လူသားချင်း စာနာ မှုဆိုင်ရာ ကပ်ဆိုက်သွားနိုင်တယ်လို့ ပညာရှင်တွေနဲ့ သံတမန်တွေက ပြောနေကြပါတယ်။
1 year Ago
Up