အဆုံးမရှိများ

A d v e r t i s e m e n t With Us

January 9, 2020

ဆောင်းဦးလှိုင်ရေးပြီး ဇော်ဝင်းထွဋ်သီဆိုသည့် ‘အဆုံးမရှိများ’သီချင်း(ရုပ်သံ)

“သူပြုံးတိုင်းမှာ ကမ္ဘာကြီးပြည့်စုံ… ခြေလှမ်းများ အင်အားရှိခဲ့ပြီ… အိုး… အဆင် ပြေတဲ့ဘဝ… တို့ဝေးတိုင်း ကိုယ်စိတ်နှစ်ပါး… လောင်ကျွမ်းသလားတောင် အောက်မေ့မိ တာ… အိုး… အဆင်မပြေတဲ့ဘဝ” ဒါကတော့ လတ်တလောအသစ်ထွက်ရှိလာတဲ့ နာမည်ကြီး ဝါရင့်ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ် သီဆိုထားတဲ့ သီချင်းသစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။ ‘အဆုံးမရှိများ’ လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး၊ တေးဆိုတဉီးဖြစ်တဲ့ ဆောင်းဦးလှိုင်က ရေးစပ်ပေးထားခဲ့တာပါ။ ဒီသီချင်းကိုတော့ Emperor Music Group ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် နှစ်သစ်လက်ဆောင်အနေနဲ့ ပရိသတ်တွေအတွက် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “အပိုတွေ ဆိုတယ်မထင်နဲ့… လျှော့မတွက်ပါနဲ့… အချစ်ဆိုတာ တကယ်စစ်မှန်ရင်… စံမမီနိုင်တဲ့ အတိုင်းထား… ဘယ်အရာတွေမှ နှိုင်းမရ… ရေးစရာ ကဗျာစာတွေဟာ လည်း မဆုံးနိုင်ပါ… တကယ်ချစ်ရင် မလိုတဲ့ အတိုင်းအဆ… ဘယ်အရာတွေမှ နှိုင်းမရ… ဖွဲ့စရာ ကဗျာစာတွေဟာလည်း မဆုံးနိုင်ပါ” လတ်တလောမှာတော့ မကြားရတာ ကြာပြီဖြစ်တဲ့ ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့ သီဆိုမှုနဲ့ ဒီသီချင်းဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ ညီထွဋ်လို့ သိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ အသက် ၅၅ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူလို့ အသိအမှတ်ပြု ကြရပါတယ်။ အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်းထွဋ်ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးပဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Bests Of Zaw Win Htut – အကောင်း ဆုံးတေးများကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။ ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေး တဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ ခုလက်ရှိ ထွက်ရှိလာတဲ့ ဒီသီချင်းထဲမှာတော့ အင်အားပါပါ သီဆိုဟန်နဲ့ သူ့ရဲ့ တကျော့ပြန်သီဆိုမှုနဲ့ သရုပ်ဆောင်ထားခဲ့တာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
1 year Ago
Up