အဆုံးစီရင်

June 19, 2020

မလေးရှားတွင်  ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် မြန်မာလုပ်သား ၇ ဦးခန့်ရှိနေ

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေထဲက အလုပ်အကိုင်မရှိတာနဲ့ နေရပ်ပြန်ဖို့ခက်ခဲတာတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသူ သီတင်းနှစ်ပတ်ကျော်ကာလ အတွင်း ၇ ယောက်လောက်ရှိနေပြီ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေကို အစိုးရက တင်းတင်းကျပ်ကျပ် ဖမ်းဆီး နေသလို  လုပ်ငန်းရှင်တွေကလည်း တရားမဝင်လုပ်သားတွေကို အလုပ်ခိုင်းစေခြင်း မရှိတော့ တာကြောင့် မြန်မာလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက်ခဲတွေ့နေတဲ့အပြင် နေရပ်ပြန်နိုင်ရေးအခက်ခဲရှိနေတာကြောင့်လည်း  စိတ်ဓာတ်ကျပြီး သေကြောင်း ကြံစည်ကြတာပါ။  ဒီလိုအဆုံးစီရင်သွားသူအများစုဟာ  မလေးရှားရောက်မြန်မာ overstay လုပ်သားတွေဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက  ဒီဗွီဘီကို ပြောပါတယ်။ "သေဆုံးသူတွေက overstayတွေပါ။ အများစုကတော့ အဖမ်းဆီးတွေ၊ စားဝတ်နေရေး အခက်ခဲတွေ၊ နေရပ်ပြန်ဖို့ကလည်း overstay ဖြစ်သွားရင် သံရုံးကပြန်ဖို့ CI အခမဲ့ ထုတ်ပေးတာတောင် မလေးရှားအစိုးရဆီမှာ ဆောင်ရမယ့် ဒဏ်ငွေက ရင်းဂစ်၃၀၀၀ရှိတယ်။ လေယာဉ်လက်မှတ်ဖိုးနဲ့ဆိုရင် ရင်းဂစ် ငါးထောင်လောက်ကုန်မှ ပြန်လို့ရမယ်။ ဒီလိုအခက်ခဲတွေကြောင့် စိတ်ဓာတ်ကျတဲ့သူတွေလည်းပါသလို၊ တချို့လည်း မိသားစုအခက်ခဲ အကြောင်းမျိုးစုံ ပါမယ်ထင်တယ်။ " လက်ရှိမှာ မလေးရှားအစိုးရနဲ့ မြန်မာအစိုးရတို့ ချိတ်ဆက်ပြီး မလေးရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပိုပေးနေတဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်မှာ ပြစ်ဒဏ်တွေကျခံပြီး နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း (camp)တွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုစိစစ်ပြီး ပြန်လည်ပို့ဆောင်တာတွေနဲ့ တရားဝင်သွားရောက်ပြီး ပြန်လိုသူတွေကို ပြန်ခွင့်ပြုတာတွေ ပါဝင်ပေမဲ့ တရားမဝင်ရောက်ရှိနေတဲ့သူတွေကိုတော့ ပြန်ခေါ်ပေးတဲ့ အစီအစဉ်ကတော့   မရှိသေးပါဘူး။ လက်ရှိမလေးရှားနိုင်ငံမှာ တရားဝင်သွားရောက်တဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမား  ၃သိန်းလောက်ရှိပြီး တရားမဝင်ရောက်ရှိနေတဲ့ over stay လုပ်သားတွေနဲ့ပါဆိုရင် စုစုပေါင်း ၅ သိန်းအထက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားအစိုးရရဲ့ တရားမဝင်လုပ်သားဖမ်းဆီးရေးစီမံချက်အရ နိုင်ငံခြားသားလုပ်သား‌ တွေနေထိုင်ရာ အဆောင်တွေနဲ့ စက်ရုံတွေထဲအထိပါ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်လို့ နေရပ်မပြန်နိုင်တဲ့ မြန်မာ overstayလုပ်သားတွေ ဖမ်းဆီးခံရမှုလည်း ပိုမိုများလာနေပါတယ်။ ဇာခြည်
12 months Ago

April 5, 2020

အသုတ်စခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်၍ အဆုံးစီရင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတဦး ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။ အသုတ်မြို့မရဲစခန်းက ရဲတပ်သား အောင်မျိုးခန့်ဟာ အလုပ်လုပ်ဖို့အတွက် တပ်ကြပ်ကြီး ဝင်းမင်းထွန်း (အသက် ၄၂ နှစ်)ရဲ့ နေအိမ်လိုင်းခန်းကို သွားရောက်ခေါ်ဆောင်ချိန်မှာ တပ်ကြပ်ကြီး ဝင်းမင်းထွန်း နေအိမ်လိုင်းခန်းအတွင်း မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ပြီး သေဆုံးခဲ့တာပါ။ သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးတာဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေး ဆောင်ရွက်နေပါတယ် လို့ ပြောပါတယ်။ သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းရဲ့ အလောင်းကို တာဝန်ရှိသူတွေ စစ်ဆေးချက်အရ ပါးစပ်ကနေ ဝဲဘက်နားအနောက်ဘက်ကို ပေါက်ထွက်ဒဏ်ရာရရှိထားတာတွေ့ပြီး အလောင်းရဲ့ ခြေရင်းဘက် ၁ ပေခန့် အကွာမှာ ခြောက်လုံးပြူးသေနတ်တလက် တွေ့ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်တာလို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားခဲ့ပါတယ်။ အဲဒီဆရာကြီးက ရဲစခန်းလိုင်းခန်းမှာ တယောက်တည်း နေတာ။ မိသားစုက တခြား နေရာမှာ။ သူ အခုလို ကွယ်လွန်သွားတော့ သူ့နာရေးကို အသုတ်မြို့စခန်းကပဲ တာဝန်ယူ လုပ်ပေးထားတယ်ဟု ရေကြည်ဒေသခံတဦးက ပြောပါတယ်။ သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းဟာ ယခင်က စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကနေ ၂၀၁၉ ခုနှစ်၊ မတ်လပိုင်းမှာ အသုတ်ရဲစခန်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူမှုရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ ပြဿနာတစုံတရာ မရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up