အဆုံးစီရင်

February 2, 2018

ကျူးဘားတော်လှန်ရေး ခေါင်းဆောင်ဟောင်း၏ သားအကြီးဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ကျူးဘားတော်လှန်ရေး ခေါင်းဆောင်ဟောင်း ဖီဒယ်ကတ်စထရိုရဲ့ သားအကြီးဆုံးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျူးဘားတော်လှန်ရေးခေါင်းဆောင်ဟောင်း ဖီဒယ်ကတ်စထရိုရဲ့ သား ဖီဒယ်ကတ်စထရို ဒီးယားဘလာ့တ်ဟာ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး  စိတ်ကျဝေဒနာ ခံစားနေရတာကြောင့် လအတန်ကြာ ဆေးဝါးကုသမှုခံနေရသူဖြစ်တယ်လို့ ကျူးဘားအစိုးရ မီဒီယာက ဖော်ပြပါတယ်။ ဖီဒယ်ကတ်စရို ဒီးယားဘလာ့ကို ၁၉၄၉ ခုနှစ်က တော်လှန်ရေးခေါင်းဆောင် ကတ်စထရိုနဲ့ မီတာဒီးယားဘလာ့တ်တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သိပ္ပံပညာ ပါရဂူ ဖီဒယ် အာခယ် ကတ်စထရိုဒီယားဘလာ့တ်ဟာ စိတ်ကျဝေဒနာခံစားခဲ့ရပြီး လအတန်ကြာ ဆရာဝန်တွေရဲ့ ဆေးဝါးကုသမှုခံရအပြီး၊ ဒီမနက်မှာ သူ့ကိုယ်ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်” လို့ ကျူးဘားသတင်းဌာနကနေ ကြေညာခဲ့ပါတယ်။ သူဟာ ဆိုဗီယက်ပြည်ထောင်စုမှာ ပညာသင်ကြားခဲ့တဲ့ နျူကလီးယားရူပဗေဒ ပညာရှင်ဖြစ်ပြီး ကျူးဘားနိုင်ငံမှာ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်ထိ ကြိုးပမ်းခဲ့ဖူးတဲ့ နျူကလီးယားစက်ရုံတည်ဆောက်မှု စီမံကိန်းမှာ ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ကျူးဘားရဲ့ နျူကလီးယားစီမံကိန်းဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားအပြီး ကုန်သွယ်ရေးနဲ့ အကူအညီများ ပြတ်တောက်သွားအပြီးမှာ ရပ်ဆိုင်းသွားခဲ့တာပါ။ ဖီဒယ် အာခယ် ကတ်စထရိုဒီယားဘလာ့တ်ဟာ  ကျူးဘားနိုင်ငံတော်ကောင်စီမှာ သိပံ္ပပညာဆိုင်ရာ ကောင်စီဝင်လည်းဖြစ်ပါတယ်။ နောက်ပြီး ကျူးဘား သိပ္ပံအကယ်ဒမီမှာလည်း ဒု-ဥက္ကဋ္ဌအဖြစ် သူကွယ်လွန်ခဲ့သည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
3 years Ago

October 26, 2017

ဇနီးနှင့် ယောက္ခမများကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ထိုင်းအမျိုးသား

ထိုင်းနိုင်ငံ မူရန်ခရိုင်မှာ အမျိုးသားတဦးဟာ ဇနီးသည်နဲ့ ပြန်ပြေလည်ဖို့ ညှိနှိုင်းတာ အဆင်မပြေတဲ့အတွက် ဇနီးသည်နဲ့ ယောက္ခမ ၂ ဦးလုံးကို သေနတ်နဲ့ပစ်သတ်ပြီး သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ခေါ့ခမ်ခရိုင်ရှိ စူဝန်ပန်မ်အိမ်ရာမှာ ဖြစ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီမှာ ရဲတွေကို အကြောင်းကြားခဲ့လို့ သွားရောက်တဲ့အချိန်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၄ လောင်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၄ ဦးက အိမ်ပိုင်ရှင် ယမ်နွတ်ပရာဆာ့တ် (အသက် ၆၇ နှစ်)၊ ဇနီးဖြစ်သူ ဆွမ်ပွန်း နွတ်ပရာဆာ့တ် (အသက် ၆၀)၊ သမီးဖြစ်သူ ဝါလီရတ် နွတ်ပရာဆာ့တ် (အသက် ၃၃ နှစ်) နဲ့ သူမရဲ့ခင်ပွန်း ဝိုရာဒက်တန်နာဝါဖွန် (အသက် ၃၃ နှစ်) တို့ ဖြစ်တယ်လို့ အောက်တိုဘာ ၂၅ ရက် ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခင်းဖြစ်နေအိမ်မှာ အသက် ၃ နှစ်အရွယ် ကလေးမလေးတဦးကို ဘယ်ဘက်ခြေထောက်မှာ သေနတ်ဒဏ်ရာနဲ့ တွေ့ရပြီး ဆေးရုံကို အမြန်ပို့ခဲ့လို့ အသက်အန္တရာယ် ကင်းပေမယ့် ထိတ်လန့်နေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အိမ်ထဲမှာ ၉ မမ ပစ္စတိုသေနတ် တလက်၊ ၃၈ ပစ္စတိုတလက်နဲ့ ကျည်ဆံခွန် ၂၀ လောက် ပြန့်ကျဲနေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အသတ်ခံရသူ အိမ်ပိုင်ရှင် ယမ်နွတ်ပရာဆာ့တ်ရဲ့ သားဖြစ်သူ အစ္စရာပွန်း နွတ်ပရာဆာ့တ်က သူ့ရဲ့အမဖြစ်သူနဲ့ ယောက်ဖဖြစ်သူ ဝိုရာဒက်တို့မှာ မိသားစုပြဿနာရှိကြောင်း၊ မကြာခဏ ရန်ဖြစ်ကြောင်း လွန်ခဲ့တဲ့ ၁ လက သူတို့ ၂ ဦး ကွဲခဲ့ပြီး အမက မိဘဖြစ်သူတွေနဲ့ လာနေကြောင်း၊ ဝိုရာဒက်က အိမ်ကို အကြိမ်ကြိမ်လာပြီး သူ့အမကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် အမက မပြန်ဘဲငြင်းခဲ့လို့ ဝိုရာဒက်က ဒေါသထွက်ကာ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့က သူတို့အိမ်ကို ဝိုရာဒက် ရောက်လာပြီး အော်ဟစ်နေလို့ မိခင်ဖြစ်သူက ဖုန်းဆက်ပြီး သူ့ကို ခေါ်ခဲ့ပေမယ့် ယောက်ဖဖြစ်သူက ရန်ဖြစ်ပြီးရင် ပြန်သွားနေကြမို့ ဒီလိုသတ်လိမ့်မယ်လို့ မထင်ကြောင်း အစ္စရာပွန်းက ဆက်ပြောပါတယ်။ သောင်ဒန်း ရာဆီမာဆိုတဲ့ အိမ်နီးချင်းတဦးကလည်း အဲဒီနေ့က ဝိုရာဒက် အိမ်ရှေ့ကနေ သူ့ဇနီးကို အကျယ်ကြီး အော်ခေါ်ကြောင်း၊ နောက် ခြံစည်းရိုးကနေ ကျော်ဝင်ပြီး ထပ်အော်နေကြောင်း၊ ဘယ်သူမှ စကားပြန်မပြောတဲ့အတွက် တံခါးကိုကန်ပြီး အိမ်ထဲဝင်သွားကြောင်း၊ ၅ မိနစ်လောက် အကြာမှာတော့ အိမ်ထဲက သေနတ်သံတွေ ကြားရကြောင်း၊ သူကတော့ မသွားရဲလို့ မကူညီခဲ့ရကြောင်း သတင်းဌာနတွေကို ပြောပါတယ်။ သေနတ်သံတွေ ဆုံးသွားပြီးနောက် ကလေးငယ်တဦး ငိုသံကြားကြောင်း၊ ဝိုရာဒက် အိမ်ထဲကထွက်လာပြီး ကားဆီသွားကြောင်း၊ အဲဒီနောက် အိမ်ထဲပြန်ဝင်သွားပြီး နောက်ထပ် သေနတ်သံတချက် ကြားလိုက်ရတယ်လို့ အိမ်နီးချင်းက ဆက်ပြောပါတယ်။ သောင်ဒန်းက အသံတွေအားလုံး တိတ်သွားတော့မှာ တခြားအိမ်နီးချင်းတွေကို ခေါ်ပြီး ဒဏ်ရာရသူတွေကို ကူဖို့ အိမ်ထဲဝင်ခဲ့ရာ ခြေထောက်မှာ ဒဏ်ရာနဲ့ ငိုနေတဲ့ ကလေးမလေးကို တွေ့လို့ ဆေးရုံအမြန်ပို့ပေးပြီး ရဲကို အကြောင်းကြားခဲ့ကြတယ်လို့ ပြောပါတယ်။ ခေါ့ခမ်ရဲစခန်းမှ စခန်းမှူး ရဲဗိုလ်မှူးကြီး ပွန်ဆပ်ခ်ဆပ်ပလာအော်က ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
3 years Ago
Up