အဆိုတော် လာနာဒယ်ရေး

September 2, 2018

အဆိုတော် လာနာဒယ်ရေး အစ္စရေးတွင် ဖျော်ဖြေမည့် အစီအစဉ် ရွှေ့ဆိုင်း

နာမည်ကျော်အဆိုတော် လာနာဒယ်ရေးက အစ္စရေးတေးဂီတပွဲတော်တခုမှာ သီဆိုဖျော်ဖြေဖို့ စီစဉ်ထားမှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ Independent သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က အဆိုတော်ဟာ “အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံလုံးမှာရှိတဲ့ သူ့ပရိသတ်တွေကို တွေ့ဆုံနိုင်ဖို့ စီစဉ်ပြီးချိန်အထိ သူ့ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်တယ်” လို့ သူ့တွစ်တာစာ မျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ “နှစ်နိုင်ငံလုံးမှာ ဖျော်ဖြေပွဲလုပ်ပြီး နှစ်နိုင်ငံလုံးက ပရိသတ်တွေကို ညီညီမျှမျှ ဆက်ဆံဖို့ လိုအပ်ပါတယ်” လို့လည်း သူကပြောပါတယ်။ အဆိုတော်ရဲ့ ဖျော်ဖြေပွဲ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သူမကို အစ္စရေးမှာ သွားရောက်မဖျော်ဖြေဖို့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူတွေက ဖိအားပေးပြီးနောက် ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွှေ့ဆိုင်းမှုက BDS လို့ခေါ်တဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တိုက်ရိုက်ပတ်သတ်မှု ရှိမရှိကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လာနာဒယ်ရေးဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ လာမယ့်သီတင်းပတ်လုပ်မယ့် ဖျော်ဖြေပွဲမှာ ပါဝင်မယ်လို့ ပြီးခဲ့တဲ့လက အတည်ပြု ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူမရဲ့ရွှေ့ဆိုင်းမှုက အနုပညာနဲ့ နိုင်ငံရေး မရောယှက်စေရေး ဦးတည်နေတဲ့ အစ္စရေးအတွက်တော့ ထိုးနှက်ချက်တခုပဲ ဖြစ်ပါတယ်။ BDS လှုပ်ရှားမှုအဖွဲ့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေနဲ့ တက္ကသိုလ်တွေကို အစ္စရေးနိုင်ငံနဲ့ အဆက်အဆံဖြတ်တောက်ဖို့ တောင်းဆိုထားပြီး ဒီလိုလုပ်တာက ပါလက်စတိုင်းနဲ့ အစ္စရေးတို့ကြားက နိုင်ငံရေးပြဿနာကို အကြမ်းမဖက်တဲ့ နည်းတဲ့ မီးမောင်းထိုးပြချင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီတောင်းဆိုမှုကြောင့် ၂ဝ၁၅ ခုနှစ်တုန်းက အနုပညာရှင် ၇ဝဝ လောက်က အစ္စရေးနိုင်ငံနဲ့ မပတ်သက်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် မက်ဒေါနားအပါအဝင် တခြားနာမည်ကျော် အနုပညာရှင်များစွာကတော့ အစ္စရေးမှာ ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
3 years Ago
Up