အဆုတ်အစားထိုး

July 8, 2020

၁၁၂ ရက်ကြာ အသက်ရှူကိရိယာဖြင့်နေခဲ့သည့် ကိုဗစ်-၁၉ လူနာ အဆုတ်အစားထိုးပြီး ပြန်ကောင်း

တောင်ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ လူနာတစ်ဦးဟာ ၁၁၂ ရက်ကြာ အသက်ရှူထောက်ကူပြု ကိရိယာနဲ့ စံချိန်တင်နေခဲ့ပြီး အဆုတ်နှစ်ခုစလုံး အစားထိုးခွဲစိတ်မှုကနေ ပြန်ကောင်းမွန်လာပါတယ်။ အသက် ၅၀ အရွယ် အမျိုးသမီးတဦးဟာ ဖေဖော်ဝါရီလနှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ ဆေးရုံတက်ရောက်ခဲ့ရပြီးနောက် သီတင်း ၁၆ ပတ်ကြာ (ECMO) အထောက်အကူ ကိရိယာနဲ့ နေခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာပေါ်က ကိုဗစ်-၁၉ လူနာတွေထဲမှာ (ECMO) အထောက်အကူနဲ့   အရှည်ကြာဆုံး နေခဲ့တာလို့ အမျိုးသမီးရဲ့ ဆရာဝန်တွေက ပြောပါတယ်။ သူ့ရဲ့အဆုတ်တွေမှာ အမာရွတ်ဖြစ်နေတာကို တားဆီးဖို့  ဟိုက်ဒရော့ဇီ ကလိုရိုကွင်း၊ HIV ဆေး ကလယ်ထရာ၊ စတီးရွိုက်ဆေးတွေနဲ့ ကုသတာ မပျောက်ကင်းဘူးလို့ ဒေါက်တာပတ်ဆွန်ဟွန်းက  ဆိုပါတယ်။ နောက်ဆုံးမှာတော့ အဆုတ်နှစ်ခုစလုံးကို အစားထိုးခွဲစိတ်ဖို့ကလွဲပြီး ရွေးစရာ  မကျန်တော့ပါဘူး။ ဒီလိုနဲ့ ဆရာဝန်တွေဟာ ၈ နာရီ ကြာမြင့်တဲ့ အဆုတ်အစားထိုး  ခွဲစိတ်ကုသမှု လုပ်ခဲ့ပြီး ဒီလိုခွဲစိတ်မှုမျိုးဟာ ကမ္ဘာမှာ နဝမမြောက်ဖြစ်တယ်လို့ ဆေးရုံက ပြောပါတယ်။  နောက်ပြီး တောင်ကိုရီးယားမှာ အဆုတ်အစားထိုး ခွဲစိတ်တာက တခြားခွဲစိတ်မှုတွေထက် နည်းပါးတယ်လို့လည်း သိရပါတယ်။ အခုချိန်မှာတော့ လူနာဟာ ပြန်လည်ကောင်းလာပြီး သူ့ရဲ့ရင်ခေါင်းကြွက်သားက အသက်ရှူနိုင်အောင် အားကောင်းရင်  ဆေးရုံက  ဆင်းနိုင်ပြီလို့ ဆရာဝန်တွေက ပြောဆိုတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago
Up