အဆုတ်ရောဂါ

December 16, 2018

တရုတ်နိုင်ငံ ဖွံ့ဖြိုးတက်ရေးအတွက် ပေးဆပ်ခဲ့ရသည့် ဆောက်လုပ်ရေးသမားများ အဆုတ်ရောဂါ ခံစားနေရ

တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေးဆပ်ရတဲ့ တန်ကြေးအဖြစ် အကာအကွယ်မဲ့ အလုပ်လုပ်ခဲ့ရသူ ဆောက်လုပ်ရေး လုပ်သားကြီးတွေဟာ အခုအခါ  အဆုတ်ရောဂါကို ခံစားနေရ ပါတယ်။ အသက် ၅၀ အရွယ် ၀မ်ကျိုးဟောင်ဟာ ရှန်းဇန်မြို့ အဆောက်အဦ ဖျက်ချရေးလုပ်ငန်းမှာ ၄ နှစ်လောက်အလုပ်လုပ်ခဲ့ပြီး အခုတော့ သူဟာ တခြားရွှေ့ပြောင်းလုပ်သားတွေလို အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ နာတာရှည် အဆုတ်ရောဂါကို ခံစားနေရပါတယ်။ “အဲဒီအချိန်တုန်းက ကျနော်တို့လို ကျေးလက်ဒေသက လူတွေက စာမတတ်ကြဘူး။ ဒီတော့ ရှန်းဇန်မြို့မှာ အလုပ်ကြမ်း လုပ်ရုံက လွဲပြီး ရွေးစရာ မရှိဘူးလေ။ ဆောက်လုပ်ရေးမှာ မြေအောက် မီတာ ၄၀-၅၀ ကို လွန်နဲ့တူးခဲ့ရတယ်။ သူဌေးက နှာခေါင်းစည်းကို ၁၀ ရက်နေမှ တခုပေးတယ်။ လုပ်ငန်းခွင် အကာအကွယ်က အတော်လေးညံ့တယ်။ ဆိုက်ဒ်မှာက ဖုန်တွေချည်းပဲ။  ဒါနဲ့ပဲ အခုလို ရောဂါရလာတာ။” လို့ နာတာရှည် အဆုတ်မျှင်ရောဂါသည် ၀မ်ကျိုးဟောင်ကပြောပါတယ်။ အလားတူ ၂၀၀၆ ခုနှစ် ရှန်းဇန်မြို့ကိုလာပြီး အလုပ်လုပ်တဲ့ ကူဖူရှင်းဟာလည်း ဒေသအစိုးရတွေဆီမှာ လျှော်ကြေးရရေး အသနားခံစာ တင်သွင်းတဲ့အဖွဲ့ကို ဦးဆောင် လှုပ်ရှားနေပါတယ်။ “ကျနော်တို့ အရပ်ဒေသက လူတွေက ဒီဆောက်လုပ်ရေးအလုပ်ကို တခြား အလုပ်တွေထက်  လစာများတယ်လို့ ထင်ကြတယ်။ တောကလူတွေ သဘောကျတဲ့ အလုပ်ပေါ့ဗျာ။ ကျနော်တို့က ကိုယ့်ဘေးကင်းရေးကို ဂရုမပြုဘဲ အကာအကွယ်တွေ မ၀တ်ခဲ့ဘူး။ နောက်ပြီး အဲဒီတုန်းက အစိုးရကလည်း ကျနော်တို့ကို လုပ်ငန်းခွင် ဘေးကင်းရေး ဂရုစိုက်ဖို့ မပြောခဲ့သလို အလုပ်သမား စာချုပ်ချုပ်ဖို့ ဆိုတာတွေလည်း မရှိခဲ့ပါဘူး” လို့ နာတာရှည် အဆုတ်မျှင်ရောဂါသည် ကူဖူရှင်းကပြောပါတယ်။ ဒါပေမယ့် အလုပ်သမားအားလုံးလိုလိုဟာ အလုပ်သမားစာချုပ် မပြုလုပ်ထားတာမို့ လျော်ကြေးရရေးဟာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေပါတယ်။ ဒါပေမယ့် ရှန်းဇန်အစိုးရဟာ အလုပ်သမားတွေရဲ့ ရောဂါ ပြင်းထန်မှုပေါ် မူတည်ပြီး ယွမ်ငွေ ၂၂၀,၀၀၀-အထိ ပေးအပ်တယ်လို့ သိရပြီး ဒါဟာ ဒါဟာ ရောဂါကုသဖို့ မလုံလောက်ကြောင်း ကူဖူရှင်းကပြောပါတယ်။ “ကောင်းကောင်းမွန်မွန် ကုသမှုခံယူမယ်ဆို စရိတ်စက ကြီးတယ်။ အလုပ်သမားတွေမှာ ကုစရာငွေ မရှိကြဘူး။ အရေးကြီးဆုံးက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သူတို့အလုပ်လုပ်တုန်းက အလုပ်သမားစာချုပ်တွေ မချုပ်ကြဘူး။ အစိုးရဆီက လျော်ကြေးလိုချင်ရင် ကိုယ့်မှာ အလုပ်သမားစာချုပ် ရှိဖို့လိုပါတယ်” လို့ အလုပ်သမားစာချုပ် အရေးကြီးပုံကို တရုတ်အလုပ်သမားရေးရာ သတင်းပြန်ကြားရေး ဒါရိုက်တာ ဂျက်ဖရီ ခရောသော်က ပြောပါတယ်။ အခုအခါ တရုတ်အစိုးရဟာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တခုကနေ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံအဖြစ် ပြောင်းလဲစေတဲ့ စီးပွားရေးမူဝါဒ အနှစ် ၄၀ ပြည့်အခမ်းအနား ပြုလုပ်ဖို့ စိုင်းပြင်းနေပါတယ်။ ဒီအချိန်မှာပဲ အဲဒီမူဝါဒကို အကောင်ထည်ဖော်ရာမှာ အုတ်တချပ် သဲတပွင့် ပါဝင်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်သားကြီးတွေကတော့ သူတို့ရပိုင်ခွင့်အတွက် တိုက်ပွဲ ဆင်နွဲနေကြရပါတယ်။
3 years Ago

August 20, 2018

ငယ်စဉ် ဆေးလိပ်ငွေ့ ရှူရှိုက်ခဲ့ရသူ အဆုတ်ရောဂါဖြစ်နိုင်ခြေ ပိုများ

ဆေးလိပ်သောက်သူ မိဘတွေရဲ့  ဆေးလိပ်ငွေ့ကို ရှူရှိုက်ခဲ့ရတဲ့ ကလေးငယ်တွေဟာ အဆုတ်ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ အခုလေ့လာတွေ့ရှိချက်ကို အမေရိကန် ကင်ဆာရောဂါဆိုင်ရာ အဖွဲ့အစည်းက ဆေးလိပ်မသောက်သူ လူ ၇ သောင်းကျော်ကို လေ့လာ သုတေသန ပြုလုပ်ခဲ့ရာမှာ ကိုယ်တိုင် ဆေးလိပ်သောက်သူ မဟုတ်ပေမယ့် ငယ်စဉ်က ဆေးလိပ်ငွေ့ကို ရှူရှိုက်ခဲ့ရသူတွေမှာ အဆုတ်ရောဂါနဲ့ သေဆုံးနိုင်ခြေ ပိုများတာကို လေ့လာတွေ့ရှိခဲ့တာပါ။ မိဘတွေအနေနဲ့ ကလေးနဲ့ဝေးရာ အဆောက်အဦ အပြင်ဘက်မှာ ဆေးလိပ်သောက်တာမျိုးက ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ဆေးလိပ်ဖြတ်တာ ဖြစ်တယ်လို့ ဆေးလိပ်နဲ့ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ သီတင်းတပတ်မှာ ဆေးလိပ်ငွေ့ကို ၁ဝ နာရီ သို့မဟုတ် ၁ဝ နာရီထက်အထက် ရှူရှိုက်နေရသူတွေဟာ နှလုံးသွေးမရောက်တဲ့ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်း၊ လေသင်တုန်းဖြတ်ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၃ ရာခိုင်နှုန်း၊ နာတာရှည် အဆုတ်ရောါဂါနဲ့ သေဆုံးနိုင်ခြေ ၄၂ ရာခိုင်နှုန်း ပိုများတယ်လို့ အဲဒီလေ့လာချက်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up