အဆိုးဝါးဆုံး ရုပ်ရှင်မှတ်တမ်းဝင်

March 21, 2020

တေလာဆွစ်ဖ် ပါဝင်သည့် Cats ရုပ်ရှင် ဆု ၆ ဆုဖြင့် အဆိုးဝါးဆုံး ရုပ်ရှင်မှတ်တမ်းဝင်

ပရိသတ်အချစ်တော် အဆိုတော် တေလာဆွစ်ဖ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Cats ရုပ်ရှင်ဟာ Razzie Awards ဆုပေးပွဲမှာ အဆိုးဝါးဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် Razzie Awards ဆုရွေးချယ် ချီးမြှင့်ရေးအဖွဲ့ဟာ နှစ်တနှစ်တာ ကာလအတွင်း အဆိုးဝါးဆုံး ရုပ်ရှင်တွေကို ရွေးချယ်ချီးမြှင့်ပေးအပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ကျင်းပတဲ့ အကြိမ် ၄၀ မြောက် Razzie Awards ဆုရွေးချယ်ချီးမြှင့်ပွဲမှာတော့ ၂၀၁၉ ခုနှစ်အတွက် Cats ရုပ်ရှင်က အဆိုးဝါးဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆုတွေ အပါအဝင် ဆု ၆ ဆုနဲ့ စံချိန်တင်ဆုအများဆုံး ရရှိခဲ့တာပါ။ တခြားဆုတွေမှာတော့ Cats ရုပ်ရှင်ထဲကပဲ ဇာတ်ညွှန်း၊ ဇာတ်ပို့မင်းသား၊ ဇာတ်ပို့ မင်းသမီးဆုတွေလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ကန်းထရီးစတား အဆိုတော် တေလာဆွစ်ဖ်ကတော့ သူ့အနေနဲ့ ဒီရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့အတွက် နောင်တမရခဲ့ဘူးလို့ နာမည်ကျော် Vanity Fair မဂ္ဂဇင်းနဲ့ တွေ့ဆုံမှုတခုမှာ ပြောထားခဲ့ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ဒီရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Tom Hooper  ဟာ ၂၀၁၁ ခုနှစ်တုန်းက The King’s Speech ဇာတ်ကားနဲ့ အော်စကာဆု ရရှိထားခဲ့တဲ့ ဒါရိုက်တာတယောက် ဖြစ်နေခဲ့တာပါ။ ဂီတဒရာမာဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ သန်း ၁၀၀ ကြား အကုန်အကျခံ ရိုက်ကူးခဲ့ပြီး Box Office မှာတော့ ဝင်ငွေ ၇၆ သန်းသာ ရရှိခဲ့တာမို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့ရပါတယ်။
2 years Ago
Up