အဆိုတော် အောင်ရင်

A d v e r t i s e m e n t With Us

April 3, 2020

အဆိုတော် အောင်ရင် ရောဂါ ပျောက်ကင်းသက်သာလာ

အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဝါရင့်အဆိုတော်တယောက်ဖြစ်တဲ့ အောင်ရင်ဟာ ကျန်းမာရေးမကောင်းဖြစ်နေရာက လက်ရှိမှာတော့ ပြန်လည် ပျောက်ကင်းသက်သာလာခဲ့ပြီ လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။ COVID- 19 ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေရှိနေတာနဲ့ ပတ်သက်ပြီး  အောင်ရင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မတ်လ ၂၃ ရက်က မိသားစုဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေကို အသိ ပေးခဲ့တာဖြစ်ပြီး အနုပညာရှင်တွေကရော ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ကြပြီး အားပေးစကားတွေ မှတ်ချက်တွေပေးခဲ့ကြတာပါ။ ဒီကနေ့မှာတော့ ပျောက်ကင်းသက်သာခဲ့ ပြီဖြစ်တဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ခုလိုမျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “မင်္ဂလာပါ… ကိုဗစ်လား ငဗစ်လားမသိပါဘူး… ကျနော်နေမကောင်းတော့ ဘိလပ်က သူငယ်ချင်းဆရာဝန်က COVID- 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ် ပြောပါတယ်… အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား… Negative လားသိနိုင်ပါမယ်… ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ် ပေးပါတယ်… ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ် … ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ… ဆုတောင်းမေတ္တာပို့သပေးသူများအားလုံး ကျေးဇူးတင်ရှိပါတယ်… ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက်… မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်… ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်း Corona Virus ကြောင့်နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပါတ် self quarantine လုပ် ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါ တယ်… ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ… ကျနော့်ကိုလည်း ကိုယ်ခံအားကောင်း ဖို့ ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ” ကမ္ဘာ့နိုင်ငံတွေအနှံ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှုဟာ ကပ်ရောဂါအ သွင်ဆောင်လာခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ ကူးစက်ခံ ရသူ ၂၀ ယောက်နဲ့သေဆုံးသူ ၁ ယောက်ရှိနေပြီဖြစ်ပါတယ်။
11 months Ago

March 30, 2020

အဆိုတော် အောင်ရင် အင်္ဂလန်တွင် COVID-19 ကူးစက်ခံရ

       အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဝါရင့်အဆိုတော်တယောက်ဖြစ်တဲ့ အောင်ရင်ဟာ  COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ သားဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ဖခင်ဖြစ်သူ အမြန်ဆုံး ပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပြီး ပရိသတ်တွေကို မျှဝေပေးထားခဲ့တာကို တွေ့ရပါတယ်။ ရောဂါကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မတ်လ ၂၃ ရက်က မိသားစုဓာတ်ပုံတွေနဲ့ ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။ “စိတ်တော့ပူတာပေါ့ မတတ်နိုင်ဘူးလေ… ရန်ကုန်ပြန်ဖို့လုပ်ထားတာလည်းမပြန်ဖြစ် … သားကိုလည်းစိတ်ပူ ကိုယ်တိုင်ကလည်း နေမကောင်း (Covid 19 လို့ပြောတာပဲ)… သမီးကလက်ကျိုးသွားလို့ကျောက်ပတ်တီးနဲ့… မတတ်နိုင်ပါဘူး ညစ်ညစ်နဲ့ မိသားစုပုံတွေ ပြန်ကြည့်နေရင်း ပုံတွေတင်လိုက်ဦးမှ”        အောင်ရင်ရဲ့ ခုလို ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေကရော၊ ပရိသတ်တွေကပါ ဆုတောင်းစကားတွေ မှတ်ချက်တွေနဲ့ အားပေးနေကြတာကို တွေ့ရပါတယ်။        အဆိုတော် အယ်လ်လွန်းဝါကတော့ “Get well soon U Aung Yin. မြန်မြန်နေ ကောင်းပါစေ။ အဝေးကနေ ဆုတောင်းပေးရုံကလွဲ ဘာမှ မလုပ်ပေးနိုင်ဘူး။ အရမ်း စိတ် မကောင်းဖြစ်ရပါတယ်”လို့ အားပေးစကားပြော ပို့စ်တင်ခဲ့သလို ဓာတ်ပုံဆရာ ဉာဏက လည်း “ဘာရောဂါမှသက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ် ကိုရင်... အားပေး စရာ မလိုလောက်အောင်အားကောင်းနေသူကြီးပါ”လို့ ရေးသားထားခဲ့တာကိုလည်း တွေ့ ရပါတယ်။ အောင်ရင်ဟာ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “မင်းမရှိတဲ့နောက်”တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ တေးသီချင်းပေါင်းများစွာ သီဆိုနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်နေတဲ့ ကိုရိုနာ COVID-19 ကူးစက်မှုဟာ မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ ၁၀ ယောက် တွေ့ရှိထားပါတယ်။ သက်ဆိုင်ရာကလည်း ဒီရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေရှောင်ကြဉ်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ချက်တွေကို သတိပြုကြဖို့နဲ့ ကျန်းမာရေး၊ အသိ၊ သတိ ရှိကြစေဖို့ ကြေညာချက်တွေ အဆက်မပြတ်ထုတ်ပြန်ပေးနေပါတယ်။
11 months Ago
Up