အဆိုတော်အီတိုး

August 5, 2022

အဆိုတော်အီတိုးကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သား  အဆိုတော်အီတိုးကို သြဂုတ်လ ၄ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

အီတိုးကို မနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ် ၉ မိုင်က  နေအိမ်တအိမ်မှာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက်တို့နဲ့ အတူ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။ 

အဆိုတော် အီတိုးဟာ  အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ပြီး PDF တွေကို ထောက်ပံ့တယ်ဆိုပြီးလည်း စစ်ကောင်စီကစွပ်စွဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီနောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ၂၀ ရက်နေ့မှာတော့ နေအိမ်ကနေ ပြန်လည် ဖမ်းဆီးသွားတာပါ။

ပြန်လည်ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅  (က) နဲ့ တရားစွဲဆိုခဲ့ပြီး မနေ့က ထောင်တွင်း တရားရုံး ကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

8 months Ago

September 14, 2021

အဆိုတော်အီတိုးနှင့်အတူ ဖမ်းခံရသူများထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး ပြန်လွတ်

အဆိုတော်အီတိုးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ သူတွေထဲက ထူးကုမ္ပဏီဝန်ထမ်း ၂ ဦး စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတစ်ယောက်က "ဟုတ်ပါတယ်။ အခုလက်ရှိ ထူးကုမ္ပဏီဝန်ထမ်းတစ်ယောက်နဲ့ အရင်ဝန်ထမ်းဟောင်းတစ်ယောက် ဒီနေ့ ပြန်လွတ်လာတာပါ။ ဒီနေ့ပဲ သူတို့ဒေသတွေကို ပြန်သွားပြီလို့ ကြားပါတယ်။ အီတိုးနဲ့ တခြားသူတွေအကြောင်းတော့ ဘာမှ ထပ်ပြီးမကြားရသေးပါဘူး။ ကလေးအကြောင်းလည်း မကြားပါဘူး" လို့ ပြောပါတယ်။

အဆိုတော်အီတိုးကို အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးခဲ့တာပါ။ 

အဆိုတော်အီတိုး နဲ့အတူ ခြံဝန်းအတွင်း နေထိုင်နေကြတဲ့ ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၁၀ ယောက်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၉ မိုင်မှာရှိတဲ့ ဦးတေဇပိုင်ခြံဝန်းအတွင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

2 years Ago
Up