အဆိပ်ပြင်းမြွေဟောက်ကို တို့ထိဆော့ကစားခဲ့သည့် ကျားသစ်ပေါက်ကလေး

February 8, 2017

အဆိပ်ပြင်းမြွေဟောက်ကို တို့ထိဆော့ကစားခဲ့သည့် ကျားသစ်ပေါက်ကလေး (ရုပ်သံ)

မြွေဟောက်တွေဟာ တကယ့်ကို အဆိပ်ပြင်းတဲ့ သတ္တဝါတွေဖြစ်ပြီး ပေါက်ခံရသူတွေအနေနဲ့ ချက်ချင်းသေသွားနိုင်လောက်တဲ့အထိ အန္တရာယ်ရှိတဲ့ သတ္တဝါတွေပါ။ ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ မြွေဟောက်ကြီးကို တို့ထိပုတ်ခတ်ကာ ဆော့ကစားခဲ့တဲ့ ကျားသစ်ပေါက်ကလေးကို အသည်းယားစဖွယ် တွေ့မြင်ရမှာပါ။ ကျားသစ်ပေါက်ကလေးဟာ မြွေဟောက်ကို ရုတ်တရက်တွေ့ချိန်မှာ အနားကို ချဉ်းကပ်သွားခဲ့ပြီး တို့ထိဖို့ ကြိုးစားခဲ့တာပါ။ မြွေဟောက်ဟာ ပါးပျဉ်းထောင်ထားပြီး ကျားသစ်ပေါက်ကလေးကို ပေါက်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အလျင်အမြန် ရှောင်တိမ်းနေတာမို့ မအောင်မြင်ခဲ့ဘဲ ဆော့ကစားနေသလို ဖြစ်နေခဲ့တာပါ။ ကျားသစ်ပေါက်ကလေးက တို့ထိလိုက်၊ မြွေဟောက်က ပြန်ပေါက်ဖို့ ကြိုးစားလိုက်နဲ့ ရှိနေပြီး အချိန်အတော်ကြာချိန်မှာတော့ ကျားသစ်ပေါက်ကလေးရဲ့ မိခင်ဖြစ်သူနဲ့ တခြား ကျားသစ်ပေါက်ကလေးတကောင် ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ကျားသစ်သားအမိတွေဟာ မြွေဟောက်ကို အမြီးဘက်က တို့ထိဖို့ ကြိုးစားလိုက်၊ မြွေဟောက်က ပါးပြင်းထောင်ကာ ပြန်ပေါက်ဖို့ ကြိုးစားလိုက်နဲ့ ရှိနေခဲ့ကြတာပါ။ သာမန်အားဖြင့်ဆိုရင်တော့ ခုလိုကြုံကြိုက်မှုဟာ တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရမှာပါပဲ။ သဘာဝအရ အင်အားအကြီးဆုံးလို့ဆိုရမယ့် မြွေဟောက်တွေမှာ ကျုံ့နိုင်ဆန့်နိုင်တဲ့ ပါးပျဉ်းဟာ အထူးခြားဆုံးလို့ ဆိုရမှာဖြစ်ပြီး သူတို့ရဲ့အလျားဟာ အများစု အရှည် ၆ ပေကျော်တဲ့ထိ ရှိနိုင်ပါတယ်။ ကျားသစ်တွေကတော့ ခုန်ပျံနိုင်တဲ့အပြင် ရေကူးနိုင်ပြီး သားကောင်ကို ဖမ်းတဲ့နေရာမှာလည်း တော်တော့်ကို လျင်မြန်တဲ့ မျိုးစိတ်တမျိုးဖြစ်တာမို့ ဒီတွေ့ဆုံမှုဟာ အံ့သြစရာ ဖြစ်ပါတယ်။
4 years Ago
Up