အဆိပ်သင့်

November 26, 2018

ဆီးရီးယားတွင် အဆိပ်သင့်ဓာတ်ငွေ့ပါ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ အလဲ့ပိုမြို့ထဲမှာ သံသယဖြစ်ဖွယ် အဆိပ်သင့်ဓာတ်ငွေ့ တိုက်ခိုက်မှုကြောင့် လူအယောက် ၁၀၀ ကျော် နေမကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါဟာ သူပုန်တွေကြောင့်လို့ ဆီးရီးယားအစိုးရက နိုဝင်ဘာ ၂၅ ရက်မှာ စွပ်စွဲပါတယ်။ အစိုးရ အုပ်ချုပ်မှု အောက်မှာရှိနေတဲ့ အလဲ့ပိုမြို့မှာ နိုဝင်ဘာ ၂၄ ရက်ညက ပစ်ခတ်မှုတွေကနေ ပြင်းထန်တဲ့ အနံ့ဆိုး ထွက်လာခဲ့တာပါ။ အဲဒီနောက် ဒါဇင်နဲ့ချီတဲ့လူတွေ အသက်ရှူလမ်းကြောင်း ပြဿနာဖြစ်ခဲ့တယ်လို့ စောင့်ကြည့်ရေးအုပ်စုက ပြောပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေကို သယ်လာတဲ့ လူနာတင်ယာဉ်တွေ ဆေးရုံထဲဝင်သွားပုံနဲ့ အရေးပေါ်ခန်းထဲမှာ လူနာတွေကို ကုသနေပုံတွေကို အစိုးရရုပ်သံက ပြသပါတယ်။ လူနာတွေဟာ အသက်ရှူရခက်တာ မျက်စိနာတာ အသားတုန်နေတာနဲ့ မူးမေ့တာတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တယောက်က ပြောပါတယ်။ ဒါပေမယ့် ညတွင်းချင်းမှာ လူအများအပြားကို ဆေးရုံက ပေးဆင်းခဲ့ပါတယ်။ စစ်သွေးကြွတွေဟာ အသက်ရှူကြပ်စေတဲ့ ဓာတ်ငွေ့တွေပါတဲ့ ကျည်ဖူးတွေနဲ့ ခရိုင် ၃ ခုကို တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက် ကလေးတွေ အပါအဝင် လူ ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရသတင်းဌာန စာနာက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒီအကြမ်းဖက်သမားတွေရဲ့ ရာဇဝတ်မှုကို ပြစ်တင်ရှုတ်ချပြီး အပြစ်ပေးဖို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းပါတယ်။ သူပုန်အရာရှိတွေကတော့ ဓာတုလက်နက် သုံးမှုကို ငြင်းပြီး ဆီးရီးယားအစိုးရက သူတို့ကို ချောက်ချတာလို့ စွပ်စွဲပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း သူပုန်တွေက အိဒလစ်မြို့ကနေ အလဲ့ပိုမြို့ဆီကို ကလိုရင်း ဓာတ်ငွေ့ဖြည့်ထားတဲ့ ဗုံးသီးတွေနဲ့ တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ရဲ့ အဓိက မဟာမိတ် ရုရှားဟာ သူပုန်အဖွဲ့တချို့ကို ကျောထောက်နောက်ခံပေးပြီး အိဒလစ်ဘ်ဒေသတွင်း အပစ်အခတ် ရပ်စဲရေးကို ကြားဝင်ဖျန်ဖြေပေးတဲ့ တူရကီအစိုးရနဲ့ ဆွေးနွေးမယ်လို့လည်း ပြောခဲ့ပါတယ်။
2 years Ago

June 30, 2018

အဆိပ်သင့် အသားညှပ်ပေါင်မုန့်ကြောင့် ၂၁ ဦး သေဆုံးခဲ့မှု ဂျာမန်ရဲတပ်ဖွဲ့ ပြန်စစ်ဆေး

၂ဝဝဝ ပြည့်နှစ်က ဂျာမနီကုမ္ပဏီတခုမှာ အဆိပ်သင့် အသားညှပ်ပေါင်မုန့်တွေနဲ့ ပတ်သက်ပြီး သေဆုံးခဲ့သူ ၂၁ ဦးအမှုကို ဂျာမန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအမှုအတွက် သံသယရှိသူ အသက် ၅၆ နှစ်အရွယ်  ကုမ္ပဏီဝန်ထမ်းကို ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့ ထမင်းဘူးကို ဖွင့်ပြီး အသားညှပ် ပေါင်မုန့်တွေ အတွင်း အမှုန့်တချို့ ဖြူးနေတာကို လုံခြုံရေး ကင်မရာကနေ မြင်တွေ့ရတယ်လို့ ရဲက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် သူ့ကို ဖမ်းဆီးပြီးနောက်မှာ သူ့အိတ်အတွင်း အမှုန့်တွေ ထည့်ထားတဲ့ ပုလင်းငယ် တလုံးကို ရှာတွေ့ခဲ့တယ်လို့လည်း ရဲက ဆိုပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ သံသယရှိသူရဲ့ တိုက်ခန်းအတွင်းကနေ ပြဒါး၊ ခဲနဲ့ ကက်ဒမီယံ ဒြပ်စင်တွေကို ကျွမ်းကျင်သူက တွေ့ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ဂျာမန်ရဲတပ်ဖွဲ့ဟာ ၂ဝဝဝ ခုနှစ်ကစပြီး အဲဒီကုမ္ပဏီမှာ သေဆုံးခဲ့တဲ့ ဝန်ထမ်းဟောင်း  ၂၁ ဦး ရဲ့ သေမှု သေခင်းကို ပြန်လည်စုံစမ်းနေပြီ ဖြစ်ပါတယ်။
3 years Ago
Up