အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်မှာ တက်စ်လာ နိုင်ငံတကာ ကော်ပိုရေးရှင်းပိုင် ဂိုင်ဂါဖက်ထရီ ဘက်ထရီစက်ရုံမှာ အဆိပ်သင့်ပစ္စည်းတွေ ယိုဖိတ်ခဲ့ပါတယ်။
ဒါကြောင့် အရေးပေါ် လုပ်သားတွေက ဧပြီ ၁၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးခဲ့သလို ကုမ္ပဏီဘက်ကလည်း အပြင်းအထန် ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
တက်စ်လာရဲ့ ပြောခွင့်ရ ဒေ့ဗ်အားနော့ဒ်ကလည်း ကုန်တင်ဆိပ်ကမ်းမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး သန့်ရှင်းရေးလုပ်တဲ့ အရည်စည်တစည် ယိုဖိတ်ခဲ့တယ်။ အဆောက်အဦရဲ့ အစိတ်အပိုင်း နည်းနည်းက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။
ယိုဖိတ်စဉ် ထိမိတဲ့ အလုပ်သမား ၂ ဦးကို ဆေးရုံတင်ပို့ထားတယ်လို့ အားနော့ဒ်က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် တက်စ်လာရဲ့ထုတ်လုပ်မှုအပေါ် သက်ရောက်တာမရှိဘူးလို့လည်း ပြောပါတယ်။
စပါ့ခ်မြို့ပြင်က စက်ရုံက ဆောက်လို့မပြီးသေးပါဘူး။ ဒါပေမယ့် လစ်သီယမ် အိုင်းယန်း ဘက်ထရီ ဆဲလ်တွေကိုတော့ ထုတ်လုပ်မှု စနေပါပြီ။
ဒီဘက်ထရီတွေကို တက်စ်လာရဲ့ စွမ်းအင်သိုလှောင်ရေး ထုတ်ကုန်မှာ သုံးပြီး မကြာခင် ထုတ်လုပ်မယ့် မိုဒယ်သရီး ဆီဒင်ကားတွေမှာ အသုံးပြုမှာဖြစ်ပါတယ်။
4 years Ago