အဆင်းရဲဆုံးမိသားစု

March 26, 2019

အာဏာရပါက အဆင်းရဲဆုံး မိသားစုများကို နှစ်စဉ် ရူပီး ၇ သောင်းကျော် ပေးမည်ဟု ရာဟူးလ်ဂန္ဒီ ပြော

အိန္ဒိယ အဓိကအတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ကွန်ဂရက်စ်ပါတီက ရွေးကောက်ပွဲနိုင်လို့ အာဏာရလာခဲ့ရင် နိုင်ငံတွင်း အဆင်းရဲဆုံး မိသားစုတွေကို နှစ်စဉ် အမေရိကန်ဒေါ်လာ တထောင့်လေးဆယ့်ငါးနဲ့ ညီမျှတဲ့ ရူပီးငွေ ၇ သောင်း ၂ ထောင် ပေးသွားမယ်လို့ ကွန်ဂရက်စ်ပါတီ ခေါင်းဆောင်က မတ်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။ ဒါဟာ ဆင်းရဲမွဲတေမှုကို နောက်ဆုံး တိုက်ခိုက်တာပဲလို့လည်း ကွန်ဂရက်စ်ပါတီ ဥက္ကဋ္ဌ ရာဟူးလ်ဂန္ဒီက ပြောပါတယ်။ ဒီအစီအစဉ်ကနေ နိုင်ငံတွင်း လူဦးရေ ၁.၃ ဘီလျံထဲက လူ သန်း ၂၅၀ လောက် အကျိုးအမြတ် ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ ရာဟူးလ်ဂန္ဒီဟာ ဧပြီနဲ့ မေလတွေမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွင်း ပြိုင်ဘက်ဝန်ကြီးချုပ် နရင်ဒြာ မိုဒီနဲ့ ရင်ဆိုင်နေရတာပါ။ "အတွက်အချက်တွေ အားလုံး လုပ်ပြီးပြီ၊ အတော်ဆုံး စီးပွားရေး ပညာရှင်တွေကို မေးခဲ့ပြီးပြီ၊ သူတို့အားလုံးက ဒီအတွေးအခေါ်နဲ့ ပတ်သက်ပြီး ကျေန်ာတို့ကို ကျောထောက်နောက်ခံ ပေးခဲ့ကြတယ်၊ ကျေန်ာတို့က ဒါကို အကောင်အထည်ဖော်မှာပါ" လို့ ဂန္ဒီက ပြောပါတယ်။ တလကို ရူပီးငွေ ၁ သောင်း ၂ ထောင်အောက် ဝင်ငွေရှိတဲ့ ဘယ်မိသားစုမဆို လတိုင်း တလကို ရူပီးငွေ ၆ ထောင်ရမယ်လို့ ကွန်ဂရက်စ်ပါတီဝင် အရာရှိတဦးက ပြောပါတယ်။ မိုဒီရဲ့ ဘီဂျေပီပါတီကတော့ ကွန်ဂရက်စ်ပါတီရဲ့ စီမံကိန်းဟာ အကောင်အထည် မဖော်နိုင်မယ့် ဆွဲဆောင်သိမ်းသွင်းမှု တရပ်ပဲလို့ ပြောဆို ပယ်ချပါတယ်။ အိန္ဒိယနိုင်ငံတွင်း ဆင်းရဲမွဲတေမှု စည်းမျဉ်းအောက်မှာ လူ ၆၅ သန်း ရှိနေပါတယ်။ ဒါဟာ နိုင်ငံလူဦးရေရဲ့ ၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၁ က ဆင်းရဲသူ လူဦးရေ ၂၂ ရာခိုင်နှုန်းကနေ ကျဆင်းလာတာလို့ ဘီဂျေပီပါတီက လူမှုကွန်ရက်မီဒီယာ တွစ်တာကနေ ပြောခဲ့ပါတယ်။
2 years Ago
Up