အဆင့် ၂ နေရာကို ရယူမည်

April 29, 2018

ရာသီအကုန် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ရယူမည်ဟု ရီးရဲလ်နည်းပြ ပြော

ရာသီအကုန်မှာ လာလီဂါအမှတ်ပေးဇယားအဆင့် ၂ နေရာကို ရယူသွားမယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြချုပ် ဇနက်တီဇီဒန်းက ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာတော့ လာလီဂါအမှတ်ပေးဇယားအဆင့် ၃ နေရာမှာ အက်သလက်တီကိုအသင်းရဲ့အနောက် တပွဲလျော့ ၄ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနှစ်ရာသီအစမှာ တည်ငြိမ်ခြင်းမရှိတဲ့ ခြေစွမ်းကြောင့် ၂၀၀၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစကို ဖြတ်သန်းခဲ့ရပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ရော်နယ်ဒို ခြေစွမ်းပြမှုနဲ့အတူ အမှတ်ပေးဇယားအထက်ပိုင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီးတော့ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာဖလား ၁၂ ကြိမ်ထိရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၃ နှစ်ဆက် ဗိုလ်စွဲဖို့ မျှော်လင့်နေပါတယ်။ ဇီဒန်းက ပွဲစဉ်တိုင်းက အရေးပါကြောင်း၊ လာလီဂါမှာ ဖလားမရနိုင်တော့ဘူးဆိုပေမယ့် ချန်ပီယံလိဂ်မှာ အနိုင်ရရှိနိုင်ကြောင်း၊ လိဂ်ပွဲကိုလည်း အကောင်းဆုံး အဆုံးသတ်သွားမယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ကျန်ပွဲစဉ်တွေအဖြစ် လီဂါနက်၊ ဆဲလ်တာဗီဂို၊ ဆီဗီလာ၊ ဘာစီလိုနာအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
3 years Ago
Up