အဆက်သွယ်မရ

June 30, 2020

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့် အဆက်သွယ်မရ၍ မိသားစုဝင်များ စိုးရိမ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အတွင်း တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျောက်ဖြူမြို့မှ ပရဟိတလုပ်နေသူ ဦးကျော်အေးသန်းကို ပြီးခဲ့တဲ့ မေ ၂၇ ရက်က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကျောက်တလုံးဂိတ်အနီးကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး နေအိမ်ကိုလည်း လာရောက်ရှာဖွေခဲ့ကြကာ ဓာတ်ပုံတချို့နဲ့ စာအုပ်တအုပ်ကို ယူဆောင်သွားခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်တင်သိန်းထွေးက ပြောပါတယ်။ ဦးကျော်အေးသန်းကို ၁ လကျော်ကြာနေပြီ ဖြစ်ပြီး ဘာကြောင့် အခုလို ဖမ်းဆီးခေါ်သွားခဲ့တယ်ဆိုတာကို မသိရတဲ့အတွက် မိသားစုတွေ စိုးရိမ်နေပြီး စားဝတ်နေရေး ထိခိုက်လာတာကြောင့် ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုရတာလို့ ဆိုပါတယ်။ ဒေါ်တင်သိန်းထွေးက “ကျမတို့ နေအိမ်တလုံးမွှေပြီး ရှာသွားခဲ့တယ်။ ကျမက ကြာလာတော့ စိုးရိမ်တယ်၊ စိတ်ပူပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မေးတော့လည်း ဘာကြောင့် ဖမ်းတယ်ဆိုတာကို မသိဘူးလို့ ပြောတယ်။ ရက် ၂၀ ကျော်တဲ့အခါမှာလည်း ရဲစခန်းကိုသွားပြီး မေးတော့ ရဲစခန်းကလည်း မသိဘူးလို့ ပြောတယ်။ ဆယ်တန်းကျောင်းသား ၁ ယောက်ရယ်၊ ၆ တန်း  ၁ ယောက်ရှိတယ်၊ ကျမကလည်း မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခအရမ်း ရောက်တာပေါ့၊ အခက်အခဲတွေကတော့ အများကြီးပေါ့။ ကျမရဲ့အမျိုးသားကို အမြန်ဆုံးပြန်လွှတ်ပေးစေချင် ပါတယ်၊ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။ အခုလို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က “တပ်မတော်ကတော့ ရန်သူ့သတင်းရရင် စိစစ်မှာပေါ့ဗျာ၊ သူ မဟုတ်ဘူးဆိုရင် တပ်မတော်က ပြန်လွှတ်ပေးတာတွေ သာဓကတွေ အများကြီးပဲ။ သူတို့ အေအေ အကြမ်းဖက်နဲ့ ဆက်စပ်တာမရှိဘူးဆိုရင် တပ်မတော်က ပြန်လွှတ်ပေးပါတယ်၊ ပတ်သက်တယ်ဆိုလို့ရှိရင်လည်း တရားရုံးကို ပို့လိုက်တာပေါ့” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ် မြင်းပြင်ကျေးရွာမှာလည်း ဇွန် ၂ ရက်နေ့က ဦးချက်ကြီးကိုလည်း တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဒီနေ့အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။  ဇွန် ၂၆ ရက်နေ့ညနေကလည်း ကပ်သပြေကျေးရွာသား လူငယ် ၉ ဦး ဖမ်းဆီးခံရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သတင်း-နောင်နောင်
12 months Ago

June 20, 2020

တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားသူကို ရက် ၂၀ ခန့်အထိ အဆက်သွယ်မရသဖြင့် မိသားစု စိုးရိမ်နေ

ကျောက်ဖြူမြို့နယ်မှာ တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားသူ ၁  ဦးအား ရက် ၂၀ ဝန်းကျင်ကြာတဲ့အထိ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မြင်းပြင်ကျေးရွာနေသူ ဦးချက်ကြီးကို ဇွန် ၂ ရက်နေ့ ညနေက တပ်မတော်စစ်ကြောင်းတခုက မသင်္ကာလို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ရက် ၂၀ ဝန်းကျင် ကြာတဲ့အချိန်ထိ မိသားစုဝင်တွေကို တစုံတရာ ဆက်သွယ်မလာတာကြောင့် စိုးရိမ်နေကြတယ်လို့ မိသားစုက ပြောပါတယ်။  ဦးချက်ကြီးရဲ့ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက “ဇွန် ၂ ရက်နေ့က ညနေ ၄ နာရီလောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခု ရွာကို ရောက်လာကြတယ်၊ သူတို့က ထမင်းချက်စားဖို့အတွက် ကျမတို့အိမ်ဆိုင်မှာ စျေးလာဝယ်ကြတာပေါ့၊ အဲဒီအချိန်မှာ ကျမအမျိုးသားက လွန်ခဲ့တဲ့ တနှစ်လောက်က ပင်လယ်ကမ်းစပ်နားက ကောက်ယူလာတဲ့ အတောင့်တစ်တောင့်ကို အိမ်အဝင် လှေကားအောက်နားမှာ တွဲထားတာပေါ့၊ အဲဒါကို သူတို့က တွေ့သွားပြီးတော့ ဗုံးဆိုပြီးတော့ ပြောပြီး ကျမအမျိုးသားကို ဖမ်းခေါ်သွားခဲ့တယ်။ ဖမ်းတဲ့အချိန်မှာ ကျောက်ဖြူမြို့ (၃၄) တပ်က တပ်ရင်းမှူးကိုယ်တိုင် လက်ထိတ်ခတ်ပြီးတော့ ဖမ်းခေါ်သွားခဲ့တာပေါ့။ အခုဆိုရင် ရက်ပေါင်း ၁၈ ရက်ကျော်သွားပြီ၊ အခုအချိန်ထိကို မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘူး ဆိုတော့ တော်တော်စိုးရိမ်မိတယ်” လို့ ပြောပါတယ်။ ဦးချက်ကြီးဟာ ကျေးရွာမှာ လယ်ယာလုပ်ငန်း ရိုးရိုးသားသား ရှာဖွေစားသောက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးချက်ကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာတော့ ခရီးထွက်နေတာကြောင့် သူ့အနေနဲ့ ဘာမှမသိသလို အဆက်အသွယ်တွေလည်း ပြတ်တောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့ပေါ်ရှိ ပရဟိတလုပ်ကိုင်နေသူ ဦးကျော်အေးသန်းကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ဘာအတွက်ကြောင့် ဖမ်းဆီးခံရသလဲဆိုတာကို မသိရသေးတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသူတွေ မကြာခဏ သံသယနဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။ နောင်နောင်
12 months Ago
Up