အစ္စရေး ပြော

February 11, 2018

ဆီးရီးယားဘက်က ပစ်ချသဖြင့် တိုက်လေယာဉ် ပျက်ကျဟု အစ္စရေး ပြော

ဆီးရီးယားနိုင်ငံမှာရှိတဲ့ အီရန်ပစ်မှတ်တွေကို တုံ့ပြန်တိုက်ခိုက်ပြီးနောက် ဆီရီးယား လေကြောင်းလက်နက်တွေရဲ့ ပစ်ခတ်မှုကြား အစ္စရေး အက်ဖ်-၁၆ တိုက်လေယာဉ်တစီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးမြောက်ပိုင်းမှာ  လေယာဉ်မပျက်ကျခင် လေယာဉ်မှူး ၂ ဦး လေထီးနဲ့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ဆေးရုံကို ခေါ်ဆောင်သွားရပါတယ်။ သူတို့ ၂ ဦးထဲက ၁ ဦးက အရေးပေါ် ဆင်းသက်ခဲ့ရလို့ ဒဏ်ရာအပြင်းအထန် ရတယ်လို့လည်း သိရပါတယ်။ ဆီးရီးယား ပဋိပက္ခအတွင်း အစ္စရေးလေယာဉ် ပျက်ကျတာက ၂၀၀၆ ခုနှစ်ကနေတွက်ရင် အခုအကြိမ် ပထမဦးဆုံးဖြစ်မယ်လို့လည်း ယူဆနေကြပါတယ်။ အီရန်ဘက်က အစ္စရေးပိုင်နက်ထဲ ဒရုန်းယာဉ် ပစ်လွှတ်ပြီးတဲ့နောက် အစ္စရေးဘက်က ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းယာဉ်ကတော့ အစ္စရေးတွေရဲ့ ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။ အစ္စရေးရဲ့ ပိုမိုတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်က ရန်လိုနေတယ်လို့ ဆီးရီးယားဘက်က စွပ်စွဲလိုက်ပြီး အစ္စရေး ကာကွယ်ရေးတပ် အိုင်ဒီအက်ဖ်က တွီတာပေါ်မှာ ရေးထားပါတယ်။ “လွန်ခဲ့တဲ့ အချိန်အနည်းငယ်က ဆီးရီးယားမှာ ရှိတဲ့ အီရန်ပစ်မှတ်တွေနဲ့ ဆီးရီးယား လေကြောင်း ကာကွယ်ရေး စနစ်ကို အိုင်အေအက်ဖက် လေယာဉ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်း ကာကွယ်ရေး အမြောက်တပ်ခွဲ ၃ တပ်နဲ့ အီရန်စစ်တပ် ပစ်မှတ် ၄ ခု အပါအဝင် ပစ်မှတ် ၁၂ ခုကို တိုက်ခိုက်ခဲ့တာပါ။ ဆီးရီးယားဘက်က လေကြောင်းတိုက် လက်နက်တွေနဲ့ အစ္စရေးဘက်ကို ပစ်ခတ်ခဲ့ပြီး အစ္စရေး မြောက်ပိုင်းမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့တယ်။” ဆီးရီးယားကို အစ္စရေးတိုက်ခိုက်မှုက ပုံမှန် ဖြစ်နေပြီး အစ္စရေးဘက်က တိုက်လေယာဉ် ပျက်ကျမှုကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာစေနိုင်ပါတယ်။ ဒါပေမယ့် အက်ဖက်-၁၆ လေယာဉ် ပျက်ကျတာက လေကြောင်းလက်နက် ပစ်ခတ်မှုကြောင့်လား အခြားအကြောင်းကြောင့် ပျက်ကျတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဘီဘီစီသတင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up