အစ္စရေးရွေးကောက်ပွဲ

April 8, 2019

ရွေးကောက်ပွဲ အနိုင်ရပါက နိုင်ငံသားများကို တိုးချဲ့နေရာချမည်ဟု နေတန်ယာဟု ပြော

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ ထပ်အနိုင်ရမယ်ဆိုရင် သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းပါးဒေသမှာ အစ္စရေး နိုင်ငံသားတွေကို တိုးချဲ့ နေရာချသွားမယ်လို့ ဧပြီ ၆ ရက်နေ့က ပြောပါတယ်။ Channel 12 News အစ္စရေးသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ အခုလို ပြောလိုက်တာပါ။ အစ္စရေးအနေနဲ့ ဂျေရုဆလင် အရှေ့ပိုင်းနဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ အစ္စရေးအခြေချ နေထိုင်သူတွေကို နေရာချထားခဲ့သလို အနောက်ဘက်ကမ်းပါး ဒေသမှာလည်း တိုးချဲ့နေရာချထားဖို့ အစီအစဉ်ရှိသလားဆိုတဲ့ မေးမြန်းချက်ကို နေတန်ယာဟုက အခုလို ပြန်ဖြေကြားခဲ့တာပါ။ အစ္စရေးဟာ ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ဂျေရုဆလင် အရှေ့ပိုင်း၊  ဂိုလန်ကုန်းမြင့်ဒေသနဲ့ အနောက်ဘက်ကမ်းပါးဒေသတွေကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းလူမျိုးတွေဟာ အနောက်ဘက်ကမ်းပါးဒေသ၊ ဂျေရုဆလင် အရှေ့ပိုင်းနဲ့ ဂါဇာကမ်းမြောင် ဒေသကို သူတို့ရဲ့ အနာဂတ်နိုင်ငံ တည်ထောင်ဖို့ မျှော်မှန်းထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ မှတ်ချက်ကို မအံ့သြဘူးလို့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ်အယ်လ်မာလီကီက တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်းလူမျိုး ၂ သန်းခွဲကျော် နေထိုင်တဲ့ အနောက်ဘက်ကမ်းပါးဒေသနဲ့ ဂျေရုဆလင် အရှေ့ပိုင်းတို့မှာ အစ္စရေးလူမျိုး ၅ သိန်း အခြေချနေထိုင်ကြပါတယ်။ အစ္စရေးအနေနဲ့ ၁၉၆၇ စစ်ပွဲအတွင်း ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေမှာ အခြေချနေထိုင်တာဟာ တရားမဝင်ဘူးလို့ နိုင်ငံတော်တော်များများက သတ်မှတ်ထားကြပါတယ်။ နိုင်ငံတကာက ဆယ်စုနှစ်ချီ လက်ခံထားခဲ့တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။ ၁၉၆၇ စစ်ပွဲအတွင်း အစ္စရေးဟာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားနိုင်ငံဆီကနေ သိမ်းပိုက်ခဲ့ပါတယ်။
3 years Ago

March 18, 2015

အစ္စရေး ၀န်ကြီးချုပ် နာတန်ယာဟု ပါတီ ရွေးကောက်ပွဲနိုင်

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟုရဲ့ လီကွတ်ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီလို့ အစ္စရေး သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။ အစောပိုင်းသတင်းတွေအရ လီကွတ်ပါတီဟာ လက်ဝဲယိမ်း ဇီယွန်ဝါဒ ပေါင်းစည်းရေးပါတီနဲ့ အကြိတ် အနယ် ယှဉ်ပြိုင်နေရတယ်လို့ ဆိုပါတယ်။ မဲအတော်များများ ရေတွက်ပြီးသွားချိန်မှာတော့ လီကွတ်ပါတီက ပါလီမန်မှာ ၂၉ နေရာရရှိသလို ဇီယွန်ပါတီက ၂၄ နေရာ အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။ ဒီအတွက် နာတန်ယာဟု ခေါင်းဆောင်တဲ့ လက်ယာယိမ်း မဟာမိတ်အဖွဲ့က အစိုးရသစ်ကို ဖွဲ့စည်းရမှာ ဖြစ်ပြီး ၄ ကြိမ်ဆက်တိုက် အစိုးရတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကနဦးက အစိုးရသစ်ဖွဲ့ဖို့ အတွက် တခြားပါတီခေါင်းဆောင်တွေနဲ့စကားပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ နာတန်ယာဟုက ပြောဆိုခဲ့ပါတယ်။ နာတန်ယာဟုဟာ ၁၉၉၀ နောက်ပိုင်းမှာ ၃ နှစ်ကြာ ၀န်ကြီးချုပ် ရာထူးကို ထမ်းဆောင်ခဲ့သလို ၂၀၀၉ ခုနှစ်မှာ ပြန်အရွေးချယ်ခံခဲ့ရပါတယ်။ မတ် ၁၇ ရက်က အစ္စရေးနိုင်ငံတ၀န်းမှာ ရွေးကောက်ပွဲကျင်းပပြီး ပြည်သူတွေက မဲပေးခဲ့ကြပါတယ်။
7 years Ago
Up