အစ္စရေးသမ္မတဟောင်း ရှီမွန်ပီရက်စ် (Shimon Peres) ဟာ စက်တင်ဘာ ၂၈ ရက်က တဲလ်အဗစ်မြို့တော် ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဆေးရုံပြောခွင့်ရက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်က လေဖြတ်ခဲ့လို့ ဆေးရုံတင်ပို့ခဲ့ပြီး အခြေအနေ တိုးတက်လာပေမယ့် စက်တင်ဘာ ၂၇ ရက်က ရုတ်တရက် အခြေအနေ ပြန်ဆိုးခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ အစ္စရေးနိုင်ငံသစ်ကို ထူထောင်ချိန်ကတည်းက ပါဝင်ခဲ့တဲ့ လက်ကျန် အစ္စရေးခေါင်းဆောင်ကြီးတွေထဲက တဦးဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်အဖြစ် ၂ ကြိမ်၊ အစ္စရေးသမ္မတအဖြစ် ၁ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုလည်း ရရှိခဲ့ပါတယ်။
အဲ့ဒီတနှစ်မှာ အိမ်နီးချင်း ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိဖို့ ဦးဆောင်ကြိုးပမ်းခဲ့ပြီး အဲ့ဒီတုန်းက အစ္စရေးဝန်ကြီးချုပ် တာဝန်ယူနေတဲ့ ရစ်ဇက်ရာဘင်၊ ပါလက်စတိုင်းခေါင်းဆောင် ယာဆာ အာရာဖတ်တို့နဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့တာပါ။
ပါလက်စတိုင်းတွေဟာ အစ္စရေးနိုင်ငံရဲ့ အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်တဲ့အတွက် မိတ်ရင်းဆွေရင်းတွေ ဖြစ်သင့်တယ်လို့ ရှီမွန်ပီရက်စ်က ပြောဆိုခဲ့တာပါ။
၂၀၁၄ ခုနှစ်မှာ အစ္စရေးသမ္မတအဖြစ်ကနေ အနားယူခဲ့ပါတယ်။
4 years Ago