အစ္စရေးသမ္မတ

April 19, 2019

နေတန်ယာဟုကို အစိုးရသစ် အကြီးအကဲအဖြစ် အစ္စရေးသမ္မတ အမည်တင်သွင်း

အစ္စရေးသမ္မတ ရော်ဗင်န် ရီဗလင်က လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုရခဲ့တဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အစိုးရသစ် အကြီးအကဲအဖြစ် ဧပြီ ၁၇ ရက်နေ့က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ အစ္စရေးအစိုးရရှေ့နေချုပ် အာဖီရှေး မန်ဒယ်လ်ဘလီက နေတန်ယာဟုကို လာဘ်စားတဲ့ ပြစ်မှုသုံးခုနဲ့ တရားစွဲဖို့ ရည်မှန်းထားတယ်လို့ ဖေဖော်ဝါရီလက ပြောခဲ့ပေမယ့် နေတန်ယာဟုဟာ ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ ငါးကြိမ်မြောက် ဝန်ကြီးချုပ်ရာထူးကို ဆက်ထမ်းဆောင်ရမှာပါ။ နေတန်ယာဟုဟာ အစိုးရဖွဲ့စည်းရေး အပြီးသတ်လုပ်ဆောင်ဖို့ အချိန် ၂၈ ရက်ရပြီး လိုအပ်ရင် နောက်ထပ် သီတင်းနှစ်ပတ် သက်တမ်းတိုးလို့ ရပါတယ်။ အစိုးရဖွဲ့ရေး အောင်မြင်ခဲ့ရင် နေတန်ယာဟုဟာ အစ္စရေးနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားမှာပါ။ ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ နေတန်ယာဟုရဲ့ လစ်ကဒ်ပါတီနဲ့ မဟာမိတ် လက်ယာယိမ်း ပါတီ ညွန့်ပေါင်းက အမတ်နေရာ ၆၅ နေရာ အနိုင်ရခဲ့ပါတယ်။ ဒါ့ကြောင့် နေတန်ယာဟုက လက်ယာဝါဒီပါတီ၊ ဂျူးပါတီတွေ အပါအဝင် စုစုပေါင်း ပါတီငါးခုနဲ့ပေါင်းပြီး  ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
2 years Ago
Up