အစ္စရေးစစ်သားများကို ကားဖြင့်တိုက်သည့်အမျိုးသမီးအား အသေပစ်သတ် (ရုပ်သံ)

March 6, 2016

အစ္စရေးစစ်သားများကို ကားဖြင့်တိုက်သည့်အမျိုးသမီးအား အသေပစ်သတ် (ရုပ်သံ)

အစ္ဈေရးက သိမ်းထားတဲ့ အနောက်ဘက်ကမ်းမှာ စစ်သားတွေကို ကားနဲ့ တိုက်တဲ့ အမျိုးသမီးတဦးကို အခင်းဖြစ်တဲ့ နေရာမှာ အသေပစ်သတ်လိုက်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အနောက်ဘက်မှာ အစ္စရေး-ပါလက်စတိုင်း ထိပ်တိုက်တွေ့မှုဟာ အခုဆိုရင် ၆ လ ဆက်တိုက် ရှိနေပြီး အရှိန်လျော့ကျမယ့် လက္ခဏာ မရှိသေးပါဘူး။ မတ် ၄ ရက်နေ့က အဖြစ်အပျက်ဟာ အဓိက လမ်းဆုံးမှာ ဖြစ်ခဲ့ပြီး ကားတိုက်ခံရတဲ့ စစ်သားလည်း ဒဏ်ရာနဲ့ ဆေးရုံ ပို့လိုက်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ အမျိုးသမီးရဲ့ ကားထဲမှာ ဓားတလက်ကိုလည်း တွေ့ရတယ်လို့ အစ္စရေး စစ်တပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။ အောက်တိုဘာလက စလို့ ပါလက်စတိုင်းတွေက ဓားနဲ့ ထိုးတာ၊ သေနတ်နဲ့ ပစ်တာ၊ ကားနဲ့ တိုက်တာကြောင့် အစ္စရေး ၂၈ ဦးနဲ့ အမေရိကန် နိုင်ငံသား  ၁ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေး လုံခြုံရေးတပ်တွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း ၁၇၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ၁၁၅ ဦးက အစ္စရေးတွေကို ရန်မူ တိုက်ခိုက်သူတွေ ဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်းဒင်ဟာလည်း အရှေ့အလယ်ပိုင်း ခရီးစဉ်ကို မတ် ၅ ရက်နေ့ စတင်ပြီး အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နာတန် ယာဟုနဲ့ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်နဲ့ပါ သီးခြားစီ တွေ့ဆုံဖို့ရှိပါတယ်။ အမေရိကန်က ကြားဝင် ညှိနှိုင်းပေးတဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ၂၀၁၄ ဧပြီလကတည်းက ပျက်ပြားခဲ့တာပါ။
6 years Ago
Up