အစ္စရေးစစ်သားကို လက်သီးဖြင့်ပြန်ထိုးသည့် ပါလက်စတိုင်း မိန်းကလေးကို တရားစွဲ

January 2, 2018

အစ္စရေးစစ်သားကို လက်သီးဖြင့်ပြန်ထိုးသည့် ပါလက်စတိုင်း မိန်းကလေး တရားစွဲခံရ

အစ္စရေးစစ်သားကို လက်သီးနဲ့ပြန်ထိုးတဲ့ အသက် ၁၆ နှစ်အရွယ် ပါလက်စတိုင်း ဆယ်ကျော်သက် မိန်းကလေးကို အစ္စရေးအစိုးရက ဇန်နဝါရီ ၁ ရက်နေ့က တရားစွဲလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က အစ္စရေးစစ်သားရဲ့ မျက်နှာကို လက်သီးနဲ့ထိုးမှု အပါအဝင် စွဲချက်တွေနဲ့ တရားစွဲခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် ပါလက်စတိုင်း ပြည်သူတွေကြားမှာ အာဟဒ် တမီမီဟာ သူရဲကောင်း ဖြစ်ခဲ့ပေမယ့် အစ္စရေးလူမျိုး လက်ယာဝါဒီတွေက အရှက်ရစရာအဖြစ် ရှုမြင်ကြပါတယ်။ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါး နာဘီဆာလေးရွာက သူ့မိသားစု အိမ်ပေါက်ဝမှာ အစ္စရေးစစ်သားကို လက်သီးနဲ့ထိုးနေပုံ ရုပ်သံအရိုက်ခံအပြီး ၃ ရက်အကြာမှာ အစ္စရေးအစိုးရက သူ့ကိုဖမ်းပြီး ထိန်းသိမ်းထားခဲ့တာပါ။ သူ့လက်သီးချက်ကြောင့် စစ်သားဟာ မျက်ခုံးကွဲသွားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ စစ်သားတွေ တာဝန်ထမ်းဆောင်နေချိန်မှာ တာဝန်ကို နှောင့်ယှက်ပြီး စစ်တပ်ကို ခဲနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း စွဲချက်ထဲမှာ တွေ့ရကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။ ပါလက်စတိုင်း ရာမယ်လာမြို့နားက အိုဖာထောင်အတွင်း စစ်ခုံရုံးမှာ ဇန်နဝါရီ ၁ ရက်နေ့က ဒီအမှုကို ကြားနာခဲ့ပါတယ်။ သူ့ကို တရားစီရင်မှု မပြီးမချင်း ရဲအချုပ်မှာ ထိန်းသိမ်းထားဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ပါတယ်။ တမီမီရဲ့ ရှေ့နေက စွဲချက်တွေက များလွန်းပြီး သူအဖမ်းခံရအပြီးမှာမှ စုဆောင်းထားတဲ့ သက်သေတွေ ရှိနေတယ်၊ ဒါကြောင့် သူလွတ်အောင် ကြိုးစားဖို့ သက်သေတွေကို လေ့လာနိုင်အောင် မိတ္တူကူးဖို့ရက် အတော်များများ တောင်းခံထားတယ်လို့ ပြောပါတယ်။ စွဲချက်ကိုလေ့လာဖို့ သူ့ရှေ့နေ ဂါဘီလက်စ်ကီကို စစ်ခုံရုံးက အချိန်ပိုပေးခဲ့ပါတယ်။ အစ္စရေးအစိုးရဟာ သူ့ကို ပါလက်စတိုင်း မိန်းမသူရဲကောင်းဖြစ်အောင် တွန်းပို့တဲ့ဘေးကို ရင်ဆိုင်နေရတယ်လို့ အစ္စရေး လက်ဝဲယိမ်းသတင်းစာ ဟာရက်စ်က ရေးပါတယ်။ အစ္စရေး လက်ယာဝါဒီတွေကတော့ စစ်သားက မတုံ့ပြန်ခဲ့တာဟာ အားနည်းပုံ ပေါက်နေသလားဆိုတာ စကားရည်လုခဲ့ကြပါတယ်။ အစ္စရေးစစ်တပ်ကတော့ သည်းခံမှုကို ပြပြီး ပညာရှင်ဆန်ဆန် တုံ့ပြန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
3 years Ago
Up