အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဝင် ခေါင်းဆောင်ပိုင်းကလို့ သံသယရှိတဲ့ မော်ရိုကိုနိုင်ငံသားတဦးကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။
မော်ရိုကိုနိုင်ငံသားဟာ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဆီမှာ သင်တန်းတက်ဖို့ တူရကီကို သွားရောက်ရေး လုပ်အားပေးတွေကို စည်းရုံးနေတဲ့သူလို့လည်း သံသယရှိထားပါတယ်။
စပိန်နိုင်ငံမှာ နေထိုင်ခွင့်ရထားတဲ့ သူ့ကို စီဘတ်စတျံမြို့မြောက်ပိုင်းမှာ ဖမ်းမိခဲ့တာပါ။
သူဟာ တိုက်ခိုက်ရေးသမားဖြစ်ဖို့ အလားအလာရှိတဲ့ လူတွေကို လူတွေ့အင်တာဗျူးအဖြစ် အင်တာနက်ပေါ်ကပါ စုဆောင်းဖို့ ၂၀၁၀ ခုနှစ်တည်းက အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။
စွပ်စွဲခံရသူဟာ လူသစ်ရှာတဲ့နေရာမှာ အင်မတန် တက်ကြွခဲ့တယ်၊ လူမှုရေး အသိုင်းအဝိုင်းထဲမှာ ဖယ်ထုတ်ခံထားရတဲ့ လူငယ်တွေကို ချဉ်းကပ်ပြီး အလွယ်တကူ သြဇာလွှမ်းအောင် လုပ်ခဲ့တယ်၊ စိတ်ခံစားချက် မတည်ငြိမ်တဲ့ လူငယ်တွေဆီက ယုံကြည်မှုရအောင် လက်ဝှေ့ထိုးသင်တဲ့ ဆရာအဖြစ် သူ့ရပ်တည်ချက် အများစုကို တည်ဆောက်ထားတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
လူသစ်တွေကို တူရကီပို့ပြီး ဥရောပမှာ တိုက်ခိုက်မှု အလားအလာတွေအတွက် ညွှန်ကြားချက်တွေနဲ့ သင်တန်းတွေပေးမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
တခြား ဖမ်းမိထားတဲ့ အဖွဲ့ဝင် ၂ ဦးအနက် ၁ ဦးကို မော်ရိုကိုနိုင်ငံမှာ ဖမ်းမိပြီး နောက် ၁ ဦးကိုတော့ ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖမ်းခဲ့တာလို့ ဝန်ကြီးဌာနက ဆက်ပြောပါတယ်။
စပိန်အစိုးရဟာ ၂၀၁၅ ခုနှစ်တည်းက နိုင်ငံအတွင်း လုံခြုံရေးတပ်လှန့်မှုကို အမြင့်ဆုံး အဆင့်အောက် ကပ်လျက် တဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့တာပါ။
အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရသူ ၁၈၁ ဦးကို ဖမ်းဆီးခဲ့ပြီးပြီလို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
6 years Ago