အစ္စလာမ္မစ်

November 9, 2018

သေဒဏ်ချမှတ်ခံရသည့် ခရစ်ယာန်အမျိုးသမီးကို လွှတ်ပေးမှုအပေါ် အစ္စလာမ်ဘာသာဝင် ထောင်ချီ ဆန္ဒပြ

အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံရသူ ခရစ်ယာန်အမျိုးသမီးကို တရားသေလွှတ်ပေးလိုက်တဲ့အပေါ် ထောင်နဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ နိုဝင်ဘာ ၈ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ တာဝန်ရှိသူတွေက ပါကစ္စတန် ခရစ်ယာန်အမျိုးသမီး အေရှာ ဘီဘီ နိုင်ငံခြားထွက်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီး သူဟာ နိုင်ငံအတွင်း လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ဆန္ဒပြပွဲကို နိုင်ငံရေး၊ ဘာသာရေး ပါတီများ မဟာမိတ်အဖွဲ့ (MMA) က ဦးဆောင်ကျင်းပခဲ့တာပါ။ ဆန္ဒပြပွဲမှာ MMA အဖွဲ့ ခေါင်းဆောင်က “ပါကစ္စတန် ပြည်သူ့တရားရုံးဟာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချပါတယ်။ နိုင်ငံတကာဖိအားအရ လုပ်ဆောင်တဲ့ ဘယ်လိုဆုံးဖြတ်ချက်ကိုမှ လက်မခံပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားမှု စွဲချက်တွေနဲ့ ခရစ်ယာန်အမျိုးသမီး အေရှာ ဘီဘီကို ၂၀၁၀ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အခုအခါ ပါကစ္စတန် တရားရုံးချုပ်က သူ့ကို တရားသေ လွှတ်ပေးခဲ့ပါတယ်။
3 years Ago

October 17, 2018

အင်ဒိုနီးရှားရှိ လိင်တူစိတ်ဝင်စားသူများ နေထိုင်ရာ အစ္စလာမ္မစ် ဘော်ဒါကျောင်း

အင်ဒိုနီးရှားနိုင်ငံ ယိုဂါကာတာ အထူးဒေသမှာ လိင်တူစိတ်ဝင်စားသူတွေ နေထိုင်ရာ အစ္စလာမ္မစ် ဘော်ဒါကျောင်းတခု ရှိနေပါတယ်။ အဲဒီ အစ္စလာမ္မစ် ဘော်ဒါကျောင်းကို ၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အစ္စလာမ္မစ်ဝါဒီ အဖွဲ့တခုက ဝင်ရောက်စီးနင်းပြီး အတင်းအကျပ် ပိတ်ခိုင်းခဲ့ပါတယ်။ အဲဒီလို စီးနင်းပြီးနောက် ကျောင်းမှာ လူမရှိသလောက် ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ဒီကျောင်းဟာ လိင်တူစိတ်ဝင်စားသူတွေအတွက် လုံခြုံရာနေရာတခုအဖြစ် ရှုမြင်ထားပါတယ်။ “ကျမတို့လည်း လူသားတွေပဲလေ။ ဝတ်ပြုခွင့်ဆိုတာ ရှိရမှာပေါ့။ ကျမတို့မှာ ဘဝကို ရုန်းကန်ဖြတ်သန်းနေရတာ။ ကျမတို့မှာ နေစရာမရှိဘူး။ ကျမတို့ကို အထင်အမြင်သေးကြတယ်။ ကျမတို့က ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်ပါတယ်။ လောကမှာ လမ်းညွှန်သင်ကြားဖို့ လိုအပ်တဲ့ လိင်တူစိတ်ဝင်စားသူတွေ ရှိတာကို ဘုရားသခင်က လက်ခံပါတယ်” လို့ အစ္စလာမ္မစ် ဘော်ဒါကျောင်းခေါင်းဆောင်  စင်သာ ရာထရီက ပြောပါတယ်။ ယိုဂါကာတာ အထူးဒေသမှာ အစ္စလာမ္မစ် ပြည်သူ့ဖိုရမ်ဆိုပြီး သဘောထားတင်းမာတဲ့ အစ္စလာမ္မစ် အဖွဲ့တဖွဲ့ ရှိပါတယ်။ သူတို့ဟာ ဒီဘော်ဒါကျောင်းပိတ်ရေး အကျပ်ကိုင်တဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။ “LGBTI ဆိုတာ တိုက်ယူရမယ့် အခွင့်အရေး မဟုတ်ပါဘူး။ ကုသရမယ့် ရောဂါတခုပါ။ ဒါ အခွင့်အရေးတခု မဟုတ်ပါဘူး။ ဒါကြောင့် LGBTI ကို လူအများရဲ့ အပြုအမူ ဖြစ်မလာအောင် ကျနော်တို့ ကြိုးပမ်းမှာပါ” လို့လည်း အဲဒီ အစ္စလာမ္မစ် ပြည်သူ့ဖိုရမ် အကြီးတန်း ဘာသာရေးဆရာ အူမာဆာအစ်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူစိတ်ဝင်စားမှုကို ရှေးရိုးစွဲ အာခေျးပြည်နယ်မှအပ ဥပဒေနဲ့ တားမြစ်ထားတာ မရှိပါဘူး။ “ကျနော်ပြောတာ စိတ်တော့မရှိနဲ့။ ဒီ လိင်တူစိတ်ဝင်စားသူတွေ ဥပဒေကို မချိုးဖောက်သရွေ့ လက်ခံလို့ရပါတယ်။ သူတို့ကိုလည်း ကျနော်တို့နဲ့ မတူကွဲပြားပြီး မွေးဖွားလာအောင် ဘုရားသခင်က ဖန်တီးထားတာဖြစ်ပါတယ်” လို့ ဒေသခံတဦးဖြစ်သူ ဒေဒီ ဟန်ဒိုယိုက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အင်ဒိုနီးရှားလွှတ်တော်ဟာလည်း အိမ်ထောင်ပြုခြင်းမဟုတ်တဲ့ အလိုတူ ဆက်ဆံရေးအပေါ် တားမြစ်ထားတဲ့ ရာဇသတ်ကြီးဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
3 years Ago
More News
Up