အစွန်းရောက်ရာသီတု ဖြစ်စဉ်များ

A d v e r t i s e m e n t With Us

January 2, 2021

စက်တင်ဘာကနေ ဒီဇင်ဘာလကြား အစွန်းရောက်ရာသီတု ကြုံခဲ့ရသည့် ဖြစ်စဉ်များ

၂၀၂၀ ပြည့်နှစ်အတွင်း စက်တင်ဘာကနေ ဒီဇင်ဘာကြား ကာလကတော့ အပူလှိုင်း ရာသီဥတုနဲ့ အေးခဲနေအောင် နိမ့်တဲ့ အပူချိန်တို့ အစွန်းရောက်အောင် ပြောင်းနေတဲ့ကာလ ဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သားတွေ အပူလှိုင်းဒဏ်ကို ရှောင်ဖို့ ကမ်းခြေတွေဆီကို ဆင်းခဲ့ကြပါတယ်။ အပူလှိုင်းအခြေအနေက ပြည်နယ်အတွင်း နဂိုလောင်နေတဲ့ တောမီးတွေကို မီးလောင်ရာ လေပင့်သလို ဖြစ်စေလိမ့်မယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးခဲ့ပါတယ်။ အဲကွန်းနဲ့ ပန်ကာ အသုံးများလွန်းလို့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ဝန်ပိနေတဲ့အတွက် မီးပျက်မသွားရအောင် မီးလုံး၊ မီးချောင်းတွေနဲ့ တခြားလျှပ်စစ်သုံး ပစ္စည်းကိရိယာတွေကို ပိတ်ထားကြဖို့ ပြည်နယ် အရာရှိတွေက ဒေသခံတွေကို ဆော်သြခဲ့ရပါတယ်။ နွေရာသီကာလအတွင်း အမေရိကန် အနောက်ပိုင်းတလွှားမှာ တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းမှုအတွင်း မြို့ငယ် ဒါဇင်ဝက်လောက်မှာ ထောင်ချီတဲ့ အိမ်တွေ တောမီးနဲ့အတူ လောင်ကျွမ်းခဲ့ရပါတယ်။ နယူးဂျာစီပြည်နယ် အကျယ်အဝန်း ပမာဏလောက်အထိ လောင်ခဲ့တဲ့ တောမီးကြောင့် သြဂုတ်လ အစောပိုင်းက လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ကယ်လီဖိုးနီးယား သမိုင်းမှာ မှတ်တမ်းတင်ဖူးသမျှ အဆိုးဆုံး တောမီးရာသီအတွင်း ဒီနှစ် ဇန်နဝါရီကစလို့ စက်တင်ဘာလအထိ မြေဧက ၄ သန်းကျော် မီးလောင်ခဲ့ပါတယ်။ ထောင်ချီတဲ့ အိမ်တွေ ပျက်စီးပြီး လူ ၃၁ ယောက် သေဆုံးခဲ့ပါတယ်။ လူ ၆၀,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရော့ကီး တောင်တန်းဒေသတလွှားမှာ အစွန်းရောက်ရာသီဥတု အပြောင်းအလဲကြောင့် အပူချိန် ၃၀ ဒီဂရီ စဲလ်စီးယပ်စ်ထိ ပူနေရာက နောက်တနေ့မှာပဲ နှင်းတွေကျခဲ့ပါတယ်။ ကနေဒါနိုင်ငံက လေအေးစီးကြောင်းက အမေရိကန်နိုင်ငံ နီဗားဒါး၊ ယူတာ၊ ဝိုင်ယိုမင်းနဲ့ ကော်လိုရာဒိုပြည်နယ်တွေကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ နှင်းထု ၆ လက်မထက်မနည်း ကျဆင်းခဲ့ပါတယ်။ ဥရောပ နေရာအများအပြားမှာ ၂၀၂၀ စက်တင်ဘာလဟာ မှတ်တမ်းတွေ စတင်ခဲ့တဲ့ ၁၈၈၀ ခုနှစ်ကစပြီး အပူဆုံး စက်တင်ဘာအဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံရေးရုံး နိုအာက သိပ္ပံပညာရှင်တွေက ဆိုပါတယ်။  ပြင်သစ်မြို့တော် ပါရီဟာလည်း ၃၃ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ပူခဲ့လို့ အပူချိန်အမြင့်ဆုံး စက်တင်ဘာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာတိတ်ဒေသ ပူနွေးမှုကြောင့် ဝင်ရိုးစွန်းသမုဒ္ဒရာကို ဖုံးအုပ်ထားတဲ့ ရေခဲပြင်ချပ်ကြီးဟာ နှစ်လေးဆယ်မှာ ဒုတိယအနည်းဆုံးအဖြစ် ကျုံ့ဝင်သွားခဲ့ပါတယ်။ ဒါဟာ ရာသီဥတု ပြောင်းလဲမှုဟာ ဒေသတွင်း အမြန်ပြောင်းလဲမှုကို ဖြစ်စေတဲ့ လက္ခဏာပဲလို့ သိပ္ပံပညာရှင်တွေက ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်မှာတော့ ဂြိုဟ်တု မှတ်တမ်းတင်ထားတဲ့ ပင်လယ်ရေခဲ ပမာဏဟာ ၃ ဒသမ ၇၄ စတုရန်း ကီလိုမီတာ ရှိခဲ့တယ်လို့ အမျိုးသား နှင်းနဲ့ရေခဲ သတင်းအချက်အလက်ဌာန သုတေသီတွေက ပြောပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက မိုင်ငါးရာလောက် ရှည်တဲ့ တောင်စဉ်တန်းတလျှောက်မှာ ရှိတဲ့ ရေခဲမြစ်တွေ ပြုန်းတီးလာနေပြီး ရာစုနှစ်လယ်လောက်မှာ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ တိဘက်ကုန်းပြင်မြင့်က တခြားရေခဲမြစ် ထောင်သောင်းချီလည်း ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။  ဒီဒေသဟာ ကမ္ဘာ့ တတိယဝင်ရိုးစွန်းလို့ လူသိများတဲ့ဒေသပါ။ အပူချိန် မြင့်တက်လို့ ချီလျန် တောင်တန်းဒေသက ရေခဲမြစ် ၂၆၈၄ စင်းလောက် ပျောက်လုနီးပါး ဖြစ်လာပါတယ်။ ရေခဲမြစ်တွေ လျော့ပါး တိုတောင်းလာတဲ့နှုန်းဟာ ၁၉၅၆-၉၀ ကြားကာလထက် စာရင် ၁၉၉၀-၂၀၁၀ ကြားကာလမှာ ပိုမြန်လာတယ်လို့ တရုတ် သိပ္ပံတက္ကသိုလ် (CAS) က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။ လတ်တလော နှစ်တွေအတွင်း ရေခဲမြစ်တွေ အရည်ပျော်နှုန်းက စံချိန်တင် မြင့်တက်ခဲ့တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။  စတုရန်းကီလိုမီတာ ၂၀ ရှိတဲ့ လောင်ဟူကုန်း ရေခဲမြစ်ဟာ ၁.၅ စတုရန်း ကီလိုမီတာ သေးလာခဲ့ပြီး ပျမ်းမျှ ရေခဲအထူက ၁၃ မီတာကျော် လျော့ကျသွားတယ်လို့ တရုတ်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုး ရေခဲမြစ် စောင့်ကြည့်လေ့လာရေးဌာန ညွှန်မှူး ချင်ရှန်းက ပြောခဲ့ပါတယ်။ အိမ်နီးချင်း ကင်ညာနဲ့ အီသီယိုပီးယား နိုင်ငံတို့လိုပဲ ဆိုမာလီနိုင်ငံမှာ ၂၀၁၉ နှစ်ကုန်ပိုင်းက စပြီး ၂၀၂၀ နိုဝင်ဘာ ၁၃ ရက်ထိ ကျိုင်းကောင်အုပ်တွေ တကျော့ပြီး တကျော့ ဝင်ခဲ့လို့ ပြည်နယ် ၄၄ ခုထိ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။  ကမ္ဘာကြီး ပူနွေးမှုနဲ့ ပတ်သက်တဲ့ ရာသီဥတု အခြေအနတွေက အင်းဆက်တွေအတွက် စံပြ အခြေအနေကို ဖန်တီးပေးခဲ့လို့ နှစ်အစိတ်အတွင်း မကြုံစဖူး အင်းဆက်ကောင်ရေ တိုးပွားလာခဲ့တယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာတော့ ဆော်ဒီအာရေဗျ နိုင်ငံထဲမှာ ဧရာမ ကျိုင်းအုပ်ကြီးတွေကို မြင်ရတာပါ။ မကြုံစဖူး ထူးကဲတဲ့ ရာသီဥတု ဖြစ်စဉ်တွေကြောင့် အာဖရိက ဦးချိုစွန်းက ကျိုင်းကောင်အုပ်တွေဟာ အာရေဗျကျွန်းဆွယ်ကနေတဆင့် အိန္ဒိယနိုင်ငံထိ ရောက်လာခဲ့ပါတယ်။ ရုရှနိုင်ငံ အရှေ့စွန်းပိုင်းက ပရီမော်စကီ ဒေသမှာ နိုဝင်ဘာ ၂၀ ရက်က နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ ဒေသခံ ထောင်ချီဟာ လျှပ်စစ်မီးမရှိဘဲ နေခဲ့ရပါတယ်။ နှင်းတွေနဲ့ ခဲနေတဲ့ သစ်ပင်တွေ၊ လမ်းတွေ တလျှောက် မွစာကြဲနေသလို လျှပ်စစ်ဓာတ်ကြိုးတွေည်း ရေခဲ နဲ့ မံထားသလို ဖြစ်နေခဲ့ပါတယ်။ ဗလာဒီဗိုစတော့မြို့က အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဝန်ကြီးဌာန ပညာရှင်တွေက လဲကျနေတဲ့ သစ်ပင်တွေကို ဖြတ်တောက်နေပုံ၊ လမ်းတွေ ရှင်းလင်းပြီး ယာဉ်ကြောနဲ့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမှု ပြန်ရအောင် ကြိုးစားနေပုံကို ပြထားတဲ့ ရုပ်သံ အတော်များများကို ဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့ ပါတယ်။ ၂ ရက်ကြာ မိုးရွာပြီး နှင်းကျလို့ သစ်ပင်တွေ ဝိုင်ယာတွေပေါ်မှာ နှင်းထု လက်မဝက်လောက်ထိ ထူအောင် ကျဆင်းခဲ့တဲ့တာပါ။ နှစ် ၃၀ အတွင်း ဒီဒေသမှာ နှင်းထု အကျဆုံး အဖြစ်လည်း ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁ လထဲမှာ အမေရိကန်၊ ဆီနီဂေါ၊ ဂရိ၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဗီယက်နမ် နိုင်ငံတို့ဆီကို မုန်တိုင်းတွေ ဝင်ခဲ့လို့ ရေကြီးပြီး အခြေခံအဆောက်အဦတွေ ပျက်စီးရေမြုပ် ခဲ့ပါတယ်။ ဗီယက်နမ် ရေဘေးဟာ အောက်တိုဘာလထိ ဆက်လက် ဆိုးရွားနေခဲ့လို့ ဆိုးရွားတဲ့ မြေပြိုမှုတွေအပြီးမှာ စစ်သားတွေက ရဟတ်ယာဉ်တွေနဲ့ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတဲ့ လူတွေကို လိုက်ရှာခဲ့ရပါတယ်။ ဗီယက်နမ် အလယ်ပိုင်းမှာ အောက်တိုဘာ အစောပိုင်းက ရေကြီး မြေပြိုမှုတွေအပြီး လူအယောက် လေးဆယ်နီးပါး သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာ ၁ လထဲမှာ ဗြိတိန်၊ အီတလီ၊ တောင်ဆူဒန်၊ ကမ္ဘောဒီးယား နိုင်ငံတွေမှာပါ မိုးကြီးလို့ ရေဘေးသင့်ခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာတော့ အီတာမုန်တိုင်းက အလယ်အမေရိကတလွှားကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ ကပ်ဆိုက်အောင် ရေဘေးသင့်ခဲ့တာပါ။  ပနားမား နိုင်ငံကနေ ကို့စ်တာရီကာ၊ နီကာရာဂွါ၊ ဂွါတီမာလာနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ရေကြီးလို့ သေဆုံးသူအရေအတွက် မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက် မုန်တိုင်းအီတာဟာ အမေရိကန် နိုင်ငံဆီကို ဆက်ရွေ့လျားလာလို့ မိုးရေချိန် ၁၂ လက်မ ထိ ရွာချနိုင်ချေ ရှိတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ နိုဝင်ဘာ လဆန်းပိုင်းမှာ ဂရိ၊ မက္ကဆီကို၊ ကိုလံဘီယာ၊ အိန္ဒိယ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ မုန်တိုင်းတွေ ဝင်လို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး လမ်းတွေပေါ်မှာ လှေနဲ့ သွားလာခဲ့ရပါတယ်။ ကိုလံဘီယာမှာ ရေဘေးကြောင့် မြေပြိုတာတွေ ဖြစ်ခဲ့လို့ လူတွေ ဒါဇင်ချီ သေဆုံးခဲ့ကြပါတယ်။  နိုဝင်ဘာ ၃၀ မှာ ရုရှရဲ့ အာတိတ်စက်ဝိုင်းထဲက နိုရေးစ်ခ်မြို့တလွှားမှာ နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ အဆောက်အဦ အမိုးတွေ ပျက်စီးပြီး ဒေသခံတွေ သွားလာရေးအတွက် နှင်းလျှောစီး စကီတွေကို သုံးခဲ့ကြရပါတယ်။ ဒီဇင်ဘာ လထဲမှာတော့ သီရိလင်္ကာနဲ့ အိန္ဒိယတောင်ပိုင်းကို မုန်တိုင်း ဘူရေဗီ ဝင်ခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်ကို မိုးသီးမုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့လို့ လမ်းတွေပေါ်မှာ မိုးသီးတွေ ရောပြွမ်းနေတဲ့ ရေတွေ စီးဆင်းခဲ့ပါတယ်။ လက်ဘနွန် မိုးလေဝသဌာန တည်ထောင်သူကတော့ ဒီမိုးသီး မုန်တိုင်းဟာ ၅၂ နှစ်အတွင်း ပထမဆုံး အတွေ့အကြုံပဲလို့ ဒေသခံ မီဒီယာကို ပြောခဲ့ပါတယ်။
2 months Ago
Up