အစွန်းရောက်အုပ်စု ဖွဲ့စည်းမှု စွပ်စွဲချက်ဖြင့် ရုရှားသတင်းထောက်တဦးကို ထောင်ဒဏ်ချမှတ်

A d v e r t i s e m e n t With Us

August 11, 2017

အစွန်းရောက်အုပ်စု ဖွဲ့စည်းမှု စွပ်စွဲချက်ဖြင့် ရုရှားသတင်းထောက်တဦးကို ထောင်ဒဏ်ချမှတ်

ရုရှားနိုင်ငံမြို့တော် မော်စကို တရားရုံးက ရုရှားသတင်းထောက်တဦးကို အာဏာပိုင်တွေ ရာထူးကပြုတ်ကျအောင် ကြိုးစားမှု၊ အစွန်းရောက် အုပ်စုဖွဲ့စည်းမှုအတွက် အပြစ်ရှိတယ်လို့ ပြောပြီး သြဂုတ် ၁၀ ရက်နေ့က ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေကတော့ ဒီစီရင်ချက်ဟာ နိုင်ငံရေးအကွက်ရွှေ့တာလို့ ပြောပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စုံစမ်းလေ့လာရေးသတင်းထောက် အလက်ဇန်းဒါး စိုကိုလော့ဗ်ဟာ အာဘီစီမီဒီယာအတွက် အလုပ်လုပ်နေချိန် ၂၀၁၅ ဇူလိုင်မှာ အဖမ်းခံခဲ့ရတာပါ။ ဒါကြောင့် တရားစွဲချိန် ချုပ်ရက်တွေကို ဖယ်ပြီးချိန်မှာ သူဟာ နောက်ထပ် တနှစ်ခွဲ ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ သူကတော့ စွဲဆိုချက်တွေကို ငြင်းပါတယ်။ စိုကိုလော့ဗ်ဟာ တာဝန်ယူမှုရှိသော အစိုးရအတွက်လို့ နာမည်ပေးထားတဲ့ အစွန်းရောက် အဖွဲ့အစည်းကို ဖန်တီးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ သူနဲ့ တခြားလူ ၃ ဦးဟာ နိုင်ငံရေးသမားတွေ ပိုပြီး တာဝန်ယူမှုရှိလာဖို့ အင်တာနက်ပေါ်ကနေ လှုပ်ရှားခဲ့တာပါ။ သူနဲ့အတူ လှုပ်ရှားခဲ့သူ ၂ ဦးလည်း ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရပြီး တတိယ တဦးကတော့ ဆိုင်းငံ့ထောင်ဒဏ် ကျခဲ့ပါတယ်။ ရုရှားနိုင်ငံ အရှေ့စွန်းပိုင်းမှာ ကော့စ်မိုဒရုမ်း အာကာသယာဉ် လွှတ်တင်ရေးစခန်း အသစ်တခု ဆောက်လုပ်ချိန်အတွင်း ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံ အလွဲသုံးစားလုပ်မှုကို သုတေသန လုပ်နေခဲ့အပြီးမှာ သတင်းထောက် စိုကိုလော့ဗ် အဖမ်းခံခဲ့ရတာပါ။ ဒီအမှုကို ကြားဝင်စိစစ်ပေးဖို့ လုပ်ဖော်ကိုင်ဘက် သတင်းထောက်တွေက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုခဲ့ကြလို့ ပူတင်က သူ ဒီအမှုကို စစ်မေးကြည့်မယ်လို့ ပြောခဲ့ပါတယ်။ စီရင်ချက်ကို ကြေညာပြီးချိန်မှာ စိုကိုလော့ဗ်က သူနဲ့ သူ့လုပ်ဖော်ကိုင်ဘက်တွေရဲ့ လုပ်ရပ်ကို ခုခံကာကွယ် ပြောဆိုပါတယ်။ အာဏာပိုင်တွေရဲ့လုပ်ရပ်ကို လူထုဆန္ဒခံယူဖို့လည်း အင်တာနက်ကနေ ဆော်သြခဲ့ပါတယ်။ သူဝတ်ထားတဲ့ တီရှပ်အင်္ကျီမှာလည်း လူထုဆန္ဒခံယူပွဲကို ပိတ်ပင်တာက အစွန်းရောက်တယ်ဆိုတဲ့ စာသားကို ပုံဖော်ထားပါတယ်။
3 years Ago
Up