အစ္စရေး ရေနံကုန်စည်တင်သင်္ဘော

August 1, 2021

တိုက်ခိုက်ခံရသည့် အစ္စရေး ရေနံကုန်စည်တင်သင်္ဘောကို အမေရိကန်ရေတပ် ကူညီနေ

ရေနံထွက်ကုန်စည်တွေကို တင်လာတဲ့ အစ္စရေးစီမံခန့်ခွဲနေတဲ့ ကုန်တင်သင်္ဘောတစီး  အိုမန်ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ တိုက်ခိုက်ခံရတဲ့အတွက် အမေရိကန်ရေတပ်က ကူညီနေတယ်လို့ အမေရိကန် စစ်တပ်က ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။

ဒီသင်္ဘောဟာ ဇူလိုင် ၂၉ ရက်မှာ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရနိုင်ခြေ အများဆုံး ဖြစ်နိုင်တယ်လို့လည်း အမေရိကန်ရေတပ်က ပြောပါတယ်။

ပျက်စီးနေတဲ့ ကုန်သင်္ဘောကို ကူညီဖို့ ပြင်ဆင်နေပုံ ဓာတ်ပုံတွေကိုလည်း အမေရိကန် ရေတပ်က ဇူလိုင် ၃၀ ရက်မှာ ထုတ်လွှင့်ဖြန့်ချိလိုက်ပါတယ်။

လိုက်ဘေးရီးယားအလံလွှင့်ပြီး ဂျပန်ကပိုင်တဲ့  သာ့မာစီယာစထရိ သင်္ဘောကို လောလောဆယ် အမေရိကန် လေယာဉ်တင်သင်္ဘော USS ရော်နယ်ရေဂင်က လိုက်ပါ စောင့်ရှောက်ပေးနေတယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်းရဲ့ စစ်ဦးစီးမှူးက ကြေညာချက် ထုတ်ပြန် ပြောပါတယ်။

ကနဦး ညွှန်ပြချက်တွေအရ UAV ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုဆိုတာ ရှင်းရှင်းလင်းလင်း ထောက်ပြနေတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ဗြိတိန်နဲ့ ရိုမေးနီးယား နိုင်ငံသား ၂ ယောက် သေဆုံးခဲ့ပါတယ်။ အီရန်ဆီက တရားဝင် တုံ့ပြန်မှုကိုတော့ ချက်ချင်း မရသေးပါဘူး။  

သင်္ဘောသားတွေအတွက် နောက်ထပ် အန္တရာယ်မရှိတာ သေချာစေဖို့ အမေရိကန် ရေတပ် ဖောက်ခွဲရေးပညာရှင်တွေ သင်္ဘောပေါ်မှာ ပါလာတယ်။ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းက ပြောပါတယ်။

အမေရိကန်အလယ်ပိုင်းစစ်တိုင်းဟာ အရှေ့အာရှနဲ့ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်ကွပ်ကဲနေတဲ့ စစ်တိုင်းလည်း ဖြစ်ပါတယ်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးကတော့ တိုက်ခိုက်မှုအတွက် အီရန်ကို အပြစ်တင်လိုက်ပါတယ်။

4 months Ago
Up