အစ္စရေးဝန်ကြီးချုပ် နုတ်ထွက်ရေး

A d v e r t i s e m e n t With Us

August 2, 2020

အစ္စရေးဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြသူ ၁၂ ဦး ဖမ်းဆီးခံရ

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အိမ်တော်နားက လမ်းဆုံမှာ ဝန်ကြီးချုပ် နုတ်ထွက်ရေး သြဂုတ် ၂ ရက်က ဆော်သြနေတဲ့ ဆန္ဒပြသူ ဆယ်ချီကို ရဲတွေက ဖယ်ရှားခဲ့ပြီး ဆန္ဒပြသူ ၁၂ ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ ထောင်ချီတဲ့ နိုင်ငံသားတွေက ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲပြီး စနေညက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး အကျပ်အတည်းကို အစိုးရက ကိုင်တွယ်ပုံကိုလည်း ဆန့်ကျင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Prime Minister ကို သရော်တဲ့ ‘Crime Minister ရာဇဝတ်သား ဝန်ကြီးချုပ်’လို့ ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင်ရင်း ဝန်ကြီးချုပ် အိမ်တော်ရှိရာကို ရောက်လာတဲ့ ဆန္ဒပြသူ ၁ သောင်းခွဲလောက်ရှိတယ်လို့ အစ္စရေး မီဒီယာက ခန့်မှန်းပါတယ်။ စနေနေ့ ဆန္ဒပြပွဲဟာ ဝန်ကြီးချုပ် အိမ်တော်နားက သီတင်းပတ်ချီ ဆန္ဒပြပွဲတွေအတွင်း အကြီးဆုံးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီနေ့မှာပဲ တဲလ်အဗီမြို့မှာလည်း ရာချီတဲ့လူတွေ စုရုံးဆန္ဒပြသလို ကောဆာရီယာမြို့က ဝန်ကြီးချုပ်ရဲ့ ကိုယ်ပိုင်အိမ် အပြင်ဘက်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ နေတန်ယာဟုဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် စီးပွားရေးကြောင့် ပြည်လုံးကျွတ် ဆန္ဒပြတာခံနေရသလို အဂတိလိုက်စားမှု စွဲချက်တွေကို ရင်ဆိုင်နေရတာပါ။ သူကတော့ အမှားလုပ်မထားဘူးလို့ ငြင်းပေမယ့် တိုင်းပြည်ကို ဦးဆောင်ဖို့ မသင့်တော်ဘူးလို့ ပြည်သူ အများအပြားက ရှုမြင်ထားပါတယ်။ ပုံမှန်အားဖြင့် စီးပွားရေးမူဝါဒတွေကြောင့် အမှတ်ကောင်းကောင်း ရလေ့ရှိတဲ့ နေတန်ယာဟုဟာ ပထမအကြိမ် တိုင်းပြည်ကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားအပြီး ရှင်းလင်းတဲ့ ပြန်ဖြေလျှော့ရေးဗျူဟာကို ပြင်ဆင်ဖို့ ပျက်ကွက်ပြီး အကျပ်အတည်းကို စီမံခန့်ခွဲရာမှာ အကျိုးစီးပွား ဆုံးရှုံးမှုတွေ ရှိခဲ့ပုံပေါ်တယ်လို့ အကဲခတ်တွေက ဝေဖန်ထားပါတယ်။
7 months Ago
Up