ဂျေရုဆလင်မြို့ အယ်အောက်ဆာဗလီမှာ ဇန်နဝါရီလ ၁၇ ရက်က အစ္စရေးရဲတပ်ဖွဲ့ဝင်တွေက ရာနဲ့ချီတဲ့ ဆန္ဒပြ ပါလက်စတိုင်းတွေကို လူစုခွဲခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အရုဏ်တက် ဝတ်ပြုသူတွေက Old City အထွတ်အမြတ်နေရာမှာ ဝတ်ပြုပွဲကို အဆုံးသတ်ပြီးနောက် ဆန္ဒပြပွဲ စတင်ခဲ့ပါတယ်။
အဲဒီနေရာကို မွတ်စလင်တွေက မြင့်မြတ်တဲ့နေရာအဖြစ် အလေးနက်ထားသလို ဂျူးဘာသာဝင်တွေကလည်း Temple Mount အဖြစ် အထွတ်အမြတ် ထားပါတယ်။
နောက်ပြီး အဲဒီနေရာက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ ထိရှအလွယ်ဆုံး နေရာတွေထဲက တခု ဖြစ်ပါတယ်။
အဓိရုဏ်းနှိမ်နင်းရေးဝတ်စုံဝတ် ရဲတပ်ဖွဲ့ဝင်တွေက ဝတ်ပြုသူတွေကို ဝင်းအတွင်း မဝင်ရောက်အောင် တားဆီးနေခဲ့ကြတာကြောင့် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးတွေဟာ နေ့စဉ်ဆိုသလို ဘာသာရေး အထွတ်အမြတ်နေရာတွေကို ကျူးကျော်ဝင်ရောက်တာ၊ မလေးမစား လုပ်တာနဲ့ စည်းမျဉ်းချိုးဖောက်တာတွေ လုပ်တယ်လို့ အစ္စလာမ္မစ်ဟားမက်စ်အဖွဲ့က စွပ်စွဲပါတယ်။
အစ္စရေးရဲတပ်ဖွဲ့ကတော့ မနက်ပိုင်း ဝတ်ပြုသူတွေဟာ ဝတ်ပြုပြီးနောက် အမျိုးသားရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး တည်ငြိမ်မှုကို နှောင့်ယှက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
1 year Ago