အစ္စရေးရဲ

June 24, 2020

အစ္စရေးရဲကို ကားနှင့်ဝင်တိုက်ရန်ကြိုးစားသည့် ပါလက်စတိုင်း ၁ ဦး ပစ်သတ်ခံရ

အစ္စရေး သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက စစ်ဘက် စစ်ဆေးရေးစခန်းတခုမှာ အစ္စရေး ရဲတွေကို ကားနဲ့ ဝင်တိုက်ဖို့ ကြိုးစားခဲ့တဲ့ ပါလက်စတိုင်းတယောက်ကို ရဲတွေက ဇွန် ၂၃ ရက်မှာ အသေပစ်သတ်ခဲ့ပါတယ်။ အာမဒ်အီရေကတ် သေဆုံးမှုအတွက် ပါလက်စတိုင်း အရာရှိတွေက အစ္စရေးကို မေးခွန်းထုတ်ခဲ့ပါတယ်။ အာမဒ်ဟာ သူ့ညီမ မင်္ဂလာဆောင်နေ့အတွက် အနားက ဘက်သလေဟမ်မြို့က မိသားစုဝင်တွေကို  ဆံပင်အလှပြင်ဆိုင်ကနေ သွားကြိုဖို့ အရေးတကြီး ဖြစ်နေခဲ့တာလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ ဂျေရုဆလင်မြို့ အရှေ့ဘက်က အဘူဒစ်မြို့နား စစ်ဆေးရေးစခန်းမှာ အရံအတားတွေကို ကားနဲ့ ဝင်တိုက်ခဲ့လို့ ရဲအရာရှိတယောက် ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ အစ္စရေး ရဲပြောခွင့်ရက ပြောပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ဆာအိဘ်အီရေကတ်ကလည်း သေဆုံးသူဟာ သူ့ဆွေမျိုးဖြစ်ပြီး နောက်အပတ်မှာ မင်္ဂလာဆောင်မယ့်သူလို့ ပြောပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု အစိုးရက အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ရေး ဆွေးနွေးပွဲကို ဇူလိုင် ၁ ရက်မှာ စမှာမို့ လတ်တလော သီတင်းပတ်တွေမှာ တင်းမာမှု မြင့်နေပါတယ်။ ၁၉၆၇ ခုနှစ်မှာ အစ္စရေးက သိမ်းပိုက်ခဲ့တဲ့ အနောက်ဘက်ကမ်းဒေသဟာ ပါလက်စတိုင်းတွေက ကိုယ်ပိုင်နိုင်ငံ ထူထောင်ဖို့ ရည်မှန်းထားတဲ့ နေရာပါ။ ကမ္ဘာ့အင်အားကြီးနိုင်ငံ အများစုလိုပဲ ပါလက်စတိုင်းကလည်း အနောက်ဘက်ကမ်းကို သိမ်းပိုက်ရေး အစီအစဉ်ကို အပြင်းအထန် ဆန့်ကျင်နေပါတယ်။
10 months Ago

May 30, 2020

ဂျေရုဆလင်မြို့ဟောင်းတွင် ပါလက်စတိုင်း ၁ ဦးကို အစ္စရေးရဲ ပစ်သတ်

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ဟောင်းမှာ မေလ ၃၀ ရက်က  အစ္စရေးရဲတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း ၁ ဦးကို ပစ်သတ်ခဲ့ပါတယ်။   အစ္စရေးရဲတွေက အဲဒီပါလက်စတိုင်း အမျိုးသားမှာ လက်နက်ပါလာတယ်လို့ သံသယရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပေမယ့် နောက်ပိုင်း အဲဒီလူမှာ လက်နက်မတွေ့ရ ဘူးလို့ အစ္စရေးမီဒီယာက ဖော်ပြပါတယ်။  သေဆုံးသူဟာ အရှေ့ဂျေရုဆလင်မှာ နေထိုင်တဲ့ ပါလက်စတိုင်းအမျိုးသားဖြစ်တယ်လို့  ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။   အဲဒီအမျိုးသားမှာ  လက်နက်ပါသလားဆိုတာကို ရဲတပ်ဖွဲ့က အတည်ပြုပြောတာ မရှိ ပေမယ့် အစ္စရေးရုပ်သံ ချန်နယ် ၁၃ သတင်းမှာတော့ လက်နက်မပါဘဲ သူဟာ  စိတ်ပိုင်း ဆိုင်ရာပြဿနာရှိနိုင်တယ်လို့ ဖော်ပြပါတယ်။  အစ္စရေးတို့က အချုပ်အခြာအာဏာကို ဂျူးအခြေချနယ်မြေတွေ နဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျော်ဒန်တောင်ကြားအထိ  ချဲ့ထွင်မယ့်အစီအစဉ်ကို ဆက်လုပ်မယ်လို့ ပြောဆိုတာကြောင့် မကြာသေးခင် သီတင်းပတ်တွေအတွင်း  အစ္စရေး နဲ့ ပါလက်စတိုင်းတို့အကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။   
11 months Ago
Up