အစ္စရေးမြေပုံ

February 10, 2020

အနောက်ဘက်ကမ်းဒေသကို အစ္စရေးမြေပုံထဲ ထည့်သွင်းရေးဆွဲနေပြီဟု နေတန်ယာဟုပြော

အစ္စရေး အစိုးရဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး စီမံကိန်းအတိုင်း ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသကို အစ္စရေးမြေပုံထဲမှာ စပြီး ထည့်ဆွဲနေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောလိုက်ပါတယ်။ ဂျော်ဒန်မြစ်ဝှမ်းနဲ့ ပင်လယ်သေ မြောက်ပိုင်းအပြင် ဂျူဒီယာနဲ့ စာမာရီးယား ဒေသတွေထဲက ဂျူးလူ့အဖွဲ့အစည်း အားလုံး ခြွင်းချက်မရှိဘဲ အစ္စရေးဥပဒေ လက်အောက်မှာ ရှိနေဖို့ အမေရိကန်ရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားတယ်။ “ထရမ့်ရဲ့ စီမံကိန်းအရ ဒီဒေသတွေ အားလုံး မြေပုံထဲမှာပါဖို့ ကျနော်တို့အားလုံး လုပ်ငန်းစဉ်ထဲမှာ ထည့်ထားပြီ။ ဒီဒေသတွေဟာ အစ္စရေးနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်လာမယ်” လို့ နေတန်ယာဟုက ပြောပါတယ်။ ဂျော်ဒန်မြစ်ဝှမ်းဒေသဟာ ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အစ္စရေးက သိမ်းပိုက်ထားပြီး စစ်တပ်ထိန်းချုပ်မှုအောက် ဆက်ထားတဲ့ဒေသပါ။ ပါလက်စတိုင်းကတော့ ဒီဒေသကို အနာဂတ်နိုင်ငံအဖြစ် လိုချင်နေပါတယ်။ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစီမံကိန်းကို ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ရဲ့ အာဏာပိုင်အဖွဲ့က ပယ်ချထားပြီး အစ္စရေးကို အများစု ပေးထားတဲ့ တဖက်သတ် စီမံကိန်းလို့ ပြောပါတယ်။  အစ္စရေးဟာ မတ် ၂ ရက်မှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပမှာပါ။ ရာဇဝတ်သင့်တဲ့ အဂတိလိုက်စားမှု စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ငါးကြိမ်မြောက် ဝန်ကြီးချုပ် သက်တမ်းအတွက် အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။  နိုင်ငံအများစုကတော့ စစ်အတွင်း သိမ်းပိုက်ထားတဲ့ မြေပေါ်က အစ္စရေး ရပ်ကွက်တွေကို နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုလို့ ရှုမြင်ပါတယ်။  အစ္စရေး အစိုးရကတော့ သူတို့ ဆောက်ထားတဲ့ မြေဟာ သမိုင်းကြောင်းအရရော သမ္မာ ကျမ်းစာအရပါ လုံခြုံရေးပေးဖို့ လိုအပ်တယ်လို့ ကိုးကား ထောက်ပြခဲ့ကြပါတယ်။
1 year Ago
Up