အစ္စရေးကမ်းလွန်

May 24, 2020

အစ္စရေးကမ်းလွန်ရှိ လေဗီယာသန်သဘာဝဓာတ်ငွေ့သိုက် ထုတ်လုပ်မှု ခေတ္တရပ်နား

အစ္စရေးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်က လေဗီယာသန်သဘာဝဓာတ်ငွေ့သိုက် နယ်မြေ အတွင်း ဓာတ်ငွေ့တူးစင်ကနေ ဓာတ်ငွေ့ထုတ်လုပ်မှုကို မေလ ၂၃ ရက် ညနေက ရပ်နားလိုက်ပါ တယ်။  ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်နိုင်ချေကြောင့် မျှော်လင့်ထားသလိုမျိုး ကမ်းရိုးတန်းတလျှောက် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု မရှိဘူးလို့ စီမံကိန်းလုပ်ကိုင်သူ နိုဘယ်အင်နာဂျီက ပြောပါတယ်။  အရေးပေါ် ရပ်နားမှုကြောင့် ဓာတ်ငွေ့ပေါက်ကွဲမှု မဖြစ်စေအောင် ဘေးကင်းရေးအတွက် ထိန်းချုပ် မီးရှို့တဲ့စနစ် စတင်လည်ပတ်ခဲ့လို့ မီးတောက်ကို ကမ်းခြေကနေ မြင်ရတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။  ကနဦးစုံစမ်းစစ်ဆေးမှုအရ ဓာတ်ငွေ့တူးစင်က ဓာတ်ငွေ့ ထောက်လှမ်းရေးစနစ်တွေမှာ မှားယွင်းအချက်ပြမှုကြောင့် သတိပေးချက်ထွက်လာပြီး ဒါဟာ မှားယွင်း တပ်လှန့်မှု ဖြစ်ခဲ့တယ်လို့ သဂျေရုဆလင်ပို့စ် သတင်းဌာနက မေလ၂၄ရက်မှာ ရေးပါတယ်။  ဓာတ်ငွေ့တူးချိန် ဓာတ်ငွေ့ဖိအားကြောင့် ပေါက်ကွဲမှုမဖြစ်အောင် ဘေးကင်းရေးအတွက် သဘာဝဓာတ်ငွေ့တွေကို ဖယ်ရှားဖို့ ဓာတ်ငွေ့တူးစင်တွေမှာ ဓာတ်ငွေ့တွေကို မီးရှို့ပစ်တဲ့ စနစ်တွေ တပ်ဆင်ထားလေ့ ရှိပါတယ်။  ခုတော့ ဓာတ်ငွေ့တူးစင်မှာ လုံခြုံရေးစနစ်အားလုံး မှန်မှန်ကန်ကန် အလုပ်လုပ်နေပြီး မကြာခင် နာရီပိုင်းအတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ပြန်စဖို့ မျှော်လင့်ထားတယ်လို့ စနေညပိုင်းမှာ ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ပါတယ်။  ဒါဟာ ဓာတ်ငွေ့ထုတ်လုပ်မှု လေးလအတွင်း ၂၃ ကြိမ်မြောက် အမှားအယွင်း ဖြစ်တယ်၊ ဓာတ်ငွေ့ဖိအား မြင့်နေလို့ မီးရှို့ပစ်ရတဲ့ စနစ်ကို ပြန်ပိတ်ပြီးပြီလို့ အစ္စရေးဇာတိမြေ စောင့်ရှောက် ရေးအသင်း ဥက္ကဋ္ဌ ယိုနီ ဆာပီယာက ပြောခဲ့ပါတယ်။ လေဗီယာသန်ဓာတ်ငွေ့သိုက်ဟာ မြေထဲပင်လယ်အရှေ့ပိုင်းက အကြီးဆုံးဓာတ်ငွေ့ သိုက်တွေထဲက တခုပါ။ တက္ကဆက်အခြေစိုက် နိုဘယ်ကုမ္ပဏီ၊ အစ္စရေးအခြေစိုက် ဒေလခ် တူးဖော်ရေးလုပ်ငန်းနဲ့ ရာတီအို ရေနံကုမ္ပဏီတို့က ပိုင်ဆိုင်ပါတယ်။ မနှစ်က နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ ဓာတ်ငွေ့တွေကို အစ္စရေး၊ အီဂျစ်နဲ့ ဂျော်ဒန် နိုင်ငံတွေဆီ ပေးပို့ခဲ့ပါတယ်။  နိုဘယ် အင်နာဂျီကုမ္ပဏီဟာ သက်ဆိုင်ရာ အရာရှိတွေကို နောက်ဆုံးရ သတင်းတွေ ပေးပို့ နေပြီး ဓာတ်ငွေ့တွေကို တတ်နိုင်သမျှ အမြန်ဆုံး စတင်ဖြန့်ဖြူးနိုင်ဖို့ လုပ်နေတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ 
11 months Ago
Up