အစ္စရေး

December 7, 2022

အယ်လ်ဂျာဇီးယားသတင်းထောက် ပစ်သတ်ခံရသည့်အမှု အိုင်စီစီသို့တင်သွင်း

အနောက်ဘက်ကမ်းဒေသထဲမှာ အစ္စရေးရဲ့ စီးနင်းမှုအတွင်း မေလက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းထောက် ရှီရင်းန် အဘူအက်ကလက်ရဲ့ အမှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) ဆီ တင်သွင်းခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းကွန်ရက်ရဲ့ ဥပဒေရေးရာအဖွဲ့က စုံစမ်းစစ်ဆေးအပြီးမှာ ခုလိုတင်သွင်းခဲ့တာလို့ အယ်လ်ဂျာဇီးယားက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

အဘူအက်ကလက် သတ်ဖြတ်ခံရမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေကို အိုင်စီစီက ဖော်ထုတ်ရမယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနရဲ့ ရှေ့နေ ရော့ဒ်နေ ဒစ်ကဆင် ကေစီက အင်္ဂါနေ့မှာ နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အိုင်စီစီဥပဒေ၊ ဂျီနီဗာသဘောတူညီချက်တွေနဲ့ ထပ်လောင်း လုပ်ထုံးလုပ်နည်း ကျင့်ဝတ်တွေအရ အနည်းဆုံးတော့ ကွပ်ကဲသူတွေ၊ တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးဖို့ လိုအပ်တယ်” လို့ ဒစ်ကဆင်က ပြောပါတယ်။

အဘူအက်ကလက် သေဆုံးမှု အခြေအနေတွေကို အငြင်းပွားနေကြဆဲပါ။ အဘူအက်ကလက်ကို အစ္စရေးတပ်ဖွဲ့တွေက တမင်တကာ သတ်ဖြတ်ခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေနဲ့ အဘူအက်ကလက်ရဲ့ မိသားစုတွေက ယုံကြည်ကြပြီး သူရပ်နေတဲ့နေရာတဝိုက်မှာ စစ်သွေးကြွတွေ ရှိနေတယ်ဆိုတဲ့ အစ္စရေးရဲ့ ထုတ်ပြန်ချက်တွေကို ပယ်ချခဲ့ပါတယ်။

သူ့ကို အစ္စရေးစစ်သားတဦးက မရည်ရွယ်ဘဲ ပစ်သတ်ခဲ့တာ ဖြစ်နိုင်ပေမဲ့ ပါလက်စတိုင်းရဲ့ ပစ်ခတ်မှုကြောင့်လည်း ထိမှန်နိုင်တယ်လို့ အစ္စရေးစစ်တပ်က စက်တင်ဘာလတုန်းက ပြောခဲ့ပါတယ်။

13 hours Ago

November 16, 2022

အစ္စရေးလွှတ်တော်အစည်းအဝေးဖွင့်လှစ်၊ လွှတ်တော်အမတ် ၁၂၀ ကျမ်းကျိန်

အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့ဂ်ဟာ အစ္စရေးနိုင်ငံရဲ့ ၂၅ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး လွှတ်တော်အမတ် ၁၂၀ က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အနားယူတော့မယ့် လွှတ်တော်ဥက္ကဋ္ဌ မစ်ကီ လယ်ဗီ၊ သူ့လက်ထောက်တွေနဲ့အတူ သမ္မတ ဟာဇော့ဂ်ဟာ ကော်ဇောနီပေါ်ကဆင်းပြီး အခမ်းအနားကျင်းပရာ လွှတ်တော် အစည်းအဝေး ခန်းမဆီ ချီတက်ခဲ့ပြီး တံပိုးခရာမှုတ်သံတွေနဲ့ အခမ်းအနားကို စတင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက် ရွေးကောက်ပွဲမှာ သူ့ရဲ့ ကွန်ဆာဗေးတစ် လစ်ကတ်ပါတီက မဲအများဆုံးရခဲ့တဲ့ အတိုက်အခံ ဘန်ဂျမင် နေတန်ယာဟုကို အစိုးရဖွဲ့ဖို့ လုပ်ပိုင်ခွင့် ပေးအပ်ပြီးတဲ့နောက် အခမ်းအနား ကျင်းပခဲ့တာပါ။

သူနဲ့ ဖြစ်နိုင်ခြေရှိတဲ့ မဟာမိတ်တွေဟာ လေးနှစ်အတွင်း ရွေးကောက်ပွဲ လေးကြိမ် ကျင်းပအပြီးမှာ အများစုဖြစ်တဲ့ လွှတ်တော်အမတ်နေရာ ၆၄ နေရာကို ထိန်းချုပ်ဖို့ အလားအလာရှိနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။

3 weeks Ago

အယ်လ်ဂျာဇီးရားသတင်းထောက် အသတ်ခံရမှု စုံစမ်းစစ်ဆေးရေးတွင် အစ္စရေး မပူးပေါင်း

အစ္စရေးနိုင်ငံဟာ အယ်လ်ဂျာဇီးရားသတင်းထောက် ရှီရင်းန် အဘူအခ်လဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လို ပြင်ပစုံစမ်းစစ်ဆေးမှုတွေနဲ့မှ ပူးပေါင်းမှာမဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘန်နီ ဂန့်ဇ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

မေလတုန်းက သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းမြို့ ဂျယ်နင်းမြို့မှာ အစ္စရေးရဲ့ စီးနင်းတိုက်ခိုက်မှုကို သတင်းယူနေတဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းထောက်ဟာ အကာအကွယ်အင်္ကျီနဲ့ ဦးထုပ်ဝတ်ဆင်ထားရင်း အသတ်ခံလိုက်ရမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီလို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ရှီရင်းန် အဘူအခ်လဲရဲ့ ကံမကောင်းအကြောင်းမလှစွာ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် တရားရေးဌာနရဲ့ ဆုံးဖြတ်ချက်က အမှားကြီးတခုပဲလို့ ဂန့်ဇ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်တရားရေးဌာနနဲ့ FBI တို့က အဲဒီအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ရှီရင်းန် အဘူအခ်လဲ အသတ်ခံရမှု အခြေအနေကို ခုထိ ပြင်းပြင်းထန်ထန် အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

ရှီရင်းန် အဘူအခ်လဲကို အစ္စရေးစစ်သားတဦးဦးက မရည်ရွယ်ဘဲ ပစ်လိုက်မိတာ ဖြစ်နိုင်သလို ပါလက်စတိုင်းတွေကြောင့် သေနတ်မှန်သွားတာလည်း ဖြစ်နိုင်ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာလမှာ ပြောပါတယ်။

ပါလက်စတိုင်းအရာရှိတွေနဲ့ အဘူအခ်လဲရဲ့ မိသားစုကတော့ သူ့ကို အစ္စရေးတပ်ဖွဲ့တွေက တမင်တကာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ယုံကြည်ထားပြီး သူရပ်နေတဲ့နေရာတဝိုက်မှာ စစ်သွေးကြွတွေ ရှိနေတယ်ဆိုတဲ့ အစ္စရေးရဲ့ ထုတ်ပြန်ချက်တွေကို ပယ်ချခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားမျက်မြင်သက်သေတွေရဲ့ မှတ်တမ်းတွေမှာလည်း အဘူအခ်လဲ အသတ်ခံရချိန်မှာ သူရှိနေတဲ့နေရာကနေ အစ္စရေးတွေ နေရာယူထားတဲ့ဘက်ကို ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

အဘူအခ်လဲရဲ့ သေဆုံးမှုဟာ အထူးသဖြင့် ဂျေရုဆလင်မြို့ရှိ သူ့ရဲ့အသုဘအခမ်းအနားမှာ လာရောက် ဝမ်းနည်းပူဆွေးကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့ပြီးနောက်မှာ တကမ္ဘာလုံးကို ဒေါသထွက်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် တာဝန်ခံမှုနဲ့ တရားမျှတကို မိသားစုတွေက ဆော်သြနေတာ ၆ လ ကြာလာပါပြီလို့ သူ့ရဲ့တူမဖြစ်သူ လာရီးန် အဘူအခ်လဲက နိုဝင်ဘာ ၁၁ ရက်က တွစ်တာမှာ တင်ထားတဲ့ ဗွီဒီယိုတခုမှာ ပြောပါတယ်။

တနေ့နေ့တော့ ရှီရင်းန်အတွက် တရားမျှတမှုကို မြင်တွေ့ရမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

3 weeks Ago
More News
Up