အစိုးရရုပ်သံ

March 18, 2019

ဆားဘီးယား အစိုးရရုပ်သံ အဆောက်အဦထဲသို့ ဆန္ဒပြသူများ ချိုးဖောက်ဝင်ရောက်

ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်က အစိုးရရုပ်သံ အဆောက်အဦထဲကို ဆန္ဒပြသူတွေ မတ်လ ၁၆ ရက်က ချိုးဖောက်ဝင်ရောက်လာပြီး မီဒီယာ လွတ်လပ်ခွင့်နဲ့ ဘက်မလိုက်သတင်းတွေ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတွင်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေတာ အချိန် ၃ လ ကျော်နေပါပြီ။ လက်ရှိသမ္မတ အလက်ဇန်းဒါး ဗူစစ်နဲ့ သူ့ရဲ့ ဆားဘီးယားတိုးတက်ရေးပါတီ (SNS) ကို ဆန့်ကျင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြနေတာပါ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် မီဒီယာ လွတ်လပ်ခွင့်ကို ဆော်သြနေကြပါတယ်။ ဆန္ဒပြသူတွေ အဆောက်အဦထဲကို ဘယ်လိုရောက်သွားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမယ့် အာဏာပိုင်တွေကို နှစ် ၂၀ နီးပါး ဆန့်ကျင်နေတဲ့ တက်ကြွလှုပ်ရှားသူတွေက အစိုးရ ရုပ်သံဌာနထဲကို ထိုးဖောက်ဝင်ရောက်တာတော့ ရှားပါတယ်။ နောက်ပိုင်းမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက အဆောက်အဦထဲ ဝင်လာခဲ့ပြီး ဆန္ဒပြသူတွေကို တယောက်ချင်း ခေါ်ထုတ်သွားခဲ့ပါတယ်။ ဒီညနေမှာ အာရ်တီ ဆားဘီးယား အဆောက်အဦထဲက လူတိုင်းဟာ ချိုးဖောက် ဝင်ရောက်မှုအတွက် တာဝန်ရှိတယ်လို့ ဆားဘီးယား ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ၂၀၀၀ ခုနှစ်ကလည်း အစိုးရဆန့်ကျင်ရေး ချီတက်သူတွေဟာ အစိုးရရုပ်သံ အဆောက်အဦကို နောက်ဆုံးမှာ စီးနင်းခဲ့ကြပြီး ဆားဘီးယားအာဏာရှင် ဆလိုဗိုဒန် မီလိုစီဗစ်ခ်ကို ဖြုတ်ချခဲ့ပါတယ်။ ဗူစစ်ကတော့ ပြည်သူငါးသန်းစလုံး လမ်းပေါ်ထွက်လာရင်တောင် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက် အတိုက်အခံတွေရဲ့ တောင်းဆိုချက်ကို ဦးညွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မြို့တော်က ဆန္ဒပြပွဲတွေမှာ လူဦးရေနည်းပေမယ့် ဆားဘီးယားရဲ့ တခြားမြို့တွေမှာလည်း မတ်လ ၁၅ ရက်နေ့က အစိုးရဆန့်ကျင်ရေး ချီတက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။
2 years Ago
Up