အစိုးရနှင့်ဒီကေဘီအေတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ် (ရုပ်သံ)

July 12, 2015

ကရင်တပ်ဖွဲ့များ ကွဲနေသည့်ပုံစံမျိုး အစိုးရပြောဆိုထုတ်ပြန်နေဟု ဒီကေဘီအေ ပြော

အစိုးရအနေနဲ့ ကရင်တပ်ဖွဲ့တွေ အစိတ်စိတ်အမြွှာမြွှာ ကွဲနေတဲ့သဘောမျိုး ပြောဆိုထုတ်ပြန်နေတာလို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။ ကရင်ပြည်နယ်၊ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းနဲ့ လမ်းသစ်တို့မှာ အစိုးရတပ်နဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့တို့ ၁၀ ရက်အတွင်း တိုက်ပွဲအကြိမ် ၄၀ လောက်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်သေဆုံးမှု ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို တုံ့ပြန်ပြောဆိုခဲ့တာပါ။ “ဒါကတော့ သူတို့က တဖက်သတ် ကရင်တွေကို အစိတ်စိတ်အမြွှာမြွှာ ခွဲလို့ ရပါတယ်ဆိုတဲ့ ခွဲပြီး ပြောတာပါ။ သူခွဲသလို ကျနော်တို့ မကွဲပါဘူး။ KKO ဆိုတာ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့ကို သတ်မှတ်ထားတာပါ။ ဆိုလိုချင်တာက KKO လို့ သုံးတာ သူ့သဘောနဲ့သူ သုံးတာပါ။” အစိုးရသတင်းမှာတော့ ဇူလိုင် ၂ ရက်ကနေ ၁၁ ရက်ထိ လမ်းဟောင်းမှာ ၁၉ ကြိမ်၊ လမ်းသစ်မှာ အကြိမ် ၂၀ စစ်တပ်နဲ့ KKO အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်၊ KKO ကျော်သက်နှင့်စောဆန်းအောင်အဖွဲ့ထံမှ အရှင်ဖမ်းမိ ၃ ဦး၊ အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။ ဇူလိုင် ၉ ရက်မှာတော့ လမ်းနှစ်လမ်းစလုံး ပြန်ဖွင့်နိုင်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကျော်သက်နှင့် စောဆန်းအောင် အကြွင်းအကျန်အဖွဲ့အား ဆက်လက်တိုက်ခိုက် ရှင်းလင်းလျက်ရှိတယ်လို့လည်း အစိုးရသတင်းက ဆိုပါတယ်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ဘက်ကတော့ ဇူလိုင် ၁၂ ရက်ထိ အစိုးရစစ်တပ်က သူတို့တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတုန်းပဲလို့ ပြောပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေတဲ့အတွက် အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။
6 years Ago

July 9, 2015

အာရှလမ်းမကြီးကို အစိုးရတပ် ထိန်းချုပ်၊ ပစ်ခတ်မှုများဆက်ရှိနေ

အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီးတလျှောက် နယ်မြေရှင်းလင်းရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေပေမယ့် သေနတ်သံတွေ ကြားနေရဆဲပဲလို့ ကော့ကရိတ်မြို့ခံ ဦးအောင်ကိုက ပြောပါတယ်။ “ဒီကနေ့ ပြန်ပစ်နေတယ်။ ၉၇ တပ်ကနေပြီးတော့။ ၁၅ မိနစ်၊ နာရီဝက်လောက်တခါ တလုံး၊ တလုံး ပစ်ထုတ်နေတယ်။ မြို့ပြင်ဘက်ကို။  နောက်ရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားနေတယ်။ အာရှလမ်းသစ်ဘက်မှာပေါ့။ ဒါပေမယ့် အတည်ပြုလို့ရသေးဘူး။ အခုနတုန်းကတော့ တပ်က ကားနှစ်စီး ရဲဘော်အပြည့်နဲ့ ထွက်သွားပြီ။” မနေ့ကစပြီး ကော့ကရိတ်-မြ၀တီ လမ်းဟောင်းမှာ သွားလာနေကြပြီဖြစ်ပေမယ့် လမ်းသစ်ကိုတော့ သွားလာလို့မရသေးပါဘူး။ ဒီကေဘီအေတပ်ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလုံ့လုံကတော့ ဒီမနက် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကြားပေမယ့် အောက်ခြေက သူတို့ရဲဘော်တွေနဲ့ ဆက်သွယ်မှုမရှိကြောင်း ပြောပါတယ်။ တပတ်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဇူလိုင် ၇ ရက်နေ့က ဒီကေဘီအေ တာဝန်ရှိသူ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်က တာဝန်ရှိသူတွေ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုသွားပြီး ဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ အဖြေမရှိသေးဘူးလို့လည်း ဗိုလ်မှူးစောလုံ့လုံက ပြောပါတယ်။ “နောက်ဆုံးအဖြေပေါ်လာတာကတော့ တပ်နဲ့ ပြန်ညှိဖို့ပါပဲ။ အဲဒီအစည်းအဝေးမှာ ဘာမှတော့ ရေရေရာရာ အဖြေမထွက်ခဲ့ဘူး။ သို့သော်လည်း ကေအန်ယူဘက်က ဗိုလ်မှူးဖောဒိုက ညှိနှိုင်းပေးမယ်လို့ ပြောတယ်။ နောက်ဆုံးတခုတော့ ပြေလည်သွားတာပေါ့လေ။ မနေ့က အစိုးတပ်ဘက်က စဆုတ်တယ်လို့ ပြောတယ်။ သို့သော်လည်း ကျနော်တို့ အတိအကျ မသိသေးဘူး။ တကယ်ပဲ ဆုတ်သွားသလား၊ ဘယ်လိုအခြေအနေရှိသလဲ မသိသေးဘူး။ အခုကလည်း သေနတ်သံတွေကြားရတယ်ပေါ့ဗျာ။” အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက စပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။
6 years Ago

အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးတွဲ နယ်မြေရှင်းလင်း (ရုပ်သံ၂)

အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီးတလျှောက် နယ်မြေရှင်းလင်းရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေကြပါတယ်။ ဒီကေဘီအေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့အနီးက အာရှလမ်းမကြီး တလျှောက်မှာ လမ်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ် ပူးတွဲ လုပ်ဆောင်နေကြတာပါ။ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန်မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။
6 years Ago
More News
Up