အစိုးရတပ်

May 26, 2018

အစိုးရတပ်ဖွဲ့များ ပြန်မရုပ်သိမ်းသေးဟု ကေအန်ယူပြော

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လွယ်မူပလောဒေသမှာ လမ်းပြင်လမ်းဖောက်နေတဲ့ အစိုးတပ်ဖွဲတွေ ဒီနေ့အထိ ပြန်လည်ရုပ်သိမ်းသွားတာ မရှိသေးဘူးလို့ ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူး ကလယ်ဒိုကို က ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ မေ ၁၇ ရက်က ရန်ကုန်မှာတွေ့ဆုံစဉ် ကေအန်ယူ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ (၅) နယ်မြေရှိ ခေးပူ-လွယ်မှုပလော ကားလမ်းကို ယာယီရပ်ဆိုင်ထားဖို့နဲ့ ကားလမ်း ဖောက်လုပ်ရာမှာ လုံခြုံရေး တာဝန်ယူထားတဲ့တပ်တွေ ပြန်လည်ရုပ်သိမ်းသွားဖို့နဲ့ ဒေသခံတိုင်းရင်းသားတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြတာပါ။ ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူး ကလယ်ဒိုကိုက “လမ်းဖောက်တဲ့ကိစ္စက သူတို့အထက်က အချင်းချင်းတွေ့ဆုံပြီးနောက်ပိုင်းမှာ ကျနော်တို့ အထက်က ခေါင်းဆောင်တွေ ပြန်လာပြောပြတာကတော့ သူတို့ ယာယီရပ်ဆိုင်းထားမယ်လို့ ပြောတယ်။ သူတို့တပ်တွေ ပြန်ရုပ်ပြီးတော့ ပြန်ရှင်းသွားမယ်။ သူတို့တပ်တွေ ပြန်ရုပ်တဲ့အခါ ဒီကနေပြီးတော့ အနှောင့်အယှက် မလုပ်နဲ့လို့ ကျနော်တို့ ညွှန်ကြားထားတယ်။ ကျနော်တို့လည်း ရှေ့တန်းမှာ တာဝန်ယူနေတဲ့ တပ်ဗိုလ်၊ တပ်မှူးတွေကိုလည်း ညွှန်ကြားထားပြီးပြီ။ ဒါပေမယ့် သူတို့ရဲ့ ပြန်လည်တင်ပြချက်အရ အခုထက်ထိတော့ နေရာမှာပဲ ရှိသေးတယ်။ ပြန်မဆင်းသေးဘူးလို့ ကျနော်တို့ကို ပြန်ပြီးတင်ပြတယ်လေ။ လမ်းကတော့ ဆက်ဖောက်လား၊ မဖောက်ဖူးလား ဆိုတာတော့ သူတို့လည်း အဲဒီလောက်ထိ ချဉ်းကပ်လို့ မရဘူးနဲ့တူတယ်။ အဲဒါကြောင့် သူတို့ ဘာမှမပြောဘူး။ သူတို့စက်ယန္တရားကတော့ ထားတဲ့နေရာမှာပဲ ရှိသေးတယ်။ တပ်လည်း ပြန်မဆင်းသေးဘူး၊ စက်လည်း မဆင်းသေးဘူးဆိုတော့ သူတို့ အဲဒီနေရာမှာ လမ်းဆက်ဖောက်လား၊ မဖောက်လားဆိုတာ စုံစမ်းလို့မရသေးဘူး။”လို့ပြောပါတယ်။ အစောပိုင်းက အဆိုပါဒေသမှာ အစိုးရ တပ်ရင်း ၁၀ ရင်းလောက်သာရှိခဲ့ပြီး လမ်းဖောက်လုပ်ဖို့ အတွက် တပ်ရင်း ၈ ရင်း ထပ်တိုးခဲ့တယ်လို့လည်း ပြောပါတယ်။ တပ်တိုးချဲ့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေဟာလည်း အခုချိန်ထိ တောတွင်းမှာ ထွက်ပြေးခိုလှုံနေဆဲဖြစ်ပါတယ်။ ဒီလိုတပ်တွေ တိုးချဲ့မှုကြောင့် နှစ်ဖက်တင်းမာမှုတွေ၊ ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် ရှေ့ဆက် ပြဿနာတွေ မဖြစ်အောင် ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းထားတဲ့အတိုင်း လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့ အတွက် ပြီးခဲ့တဲ့ မတ်လဆန်းက စပြီး အစိုးရတပ်က စစ်အင်အားတိုးချဲ့ ဝင်ရောက်လာခဲ့တာပါ။ စစ်အင်အားတိုးချဲ့မှုကြောင့် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
3 years Ago

April 13, 2018

ဖားကန့်တွင် လက်နက်ကြီးကျည်ကျ၍ ရွာသား ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တနိုင်းလမ်း​ကြောင်း ဒွန်းဘုံး​ကျေးရွာနားမှာ ဒီနေ့မနက်အစောပိုင်းက အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ပွားပြီး ရွာတွင်းလက်နက်ကြီးကျည် ကျရောက်တဲ့အတွက် ဦးဇော်မင်း သေဆုံးပြီး ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မနက် ၅ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် သူတို့မိသားစု ထွက်ပြေးဖို့ တံခါးဖွင့်ချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးဒဏ်ရာရခဲ့တာလို့ ရွာက သင်းအုပ်ဆရာ ဦးလရှီဘရန်အောင်က ပြောပါတယ်။ “ဒီမနက် ၅ နာရီလောက်ကဖြစ်တာလေ။  အဲမှာ သူတို့မိသားစုက ၅ ဦးရှိတယ်။ သူတို့ ကလေး ၃ ဦးက ဘာမှမဖြစ်ဘူး။ အိမ်ထောင်ဦးစီးကတော့ ဦးဇော်မြင့်ဦးပေါ့။ သူက ပေါင်ရင်းဒဏ်ရာနဲ့ ချက်ချင်းဆုံးသွားတယ်။ ဇနီးဒေါ်ထုဆန်က တင်ပါးမှာ ကျည်ဆန်ဝင်ပြီး ဒဏ်ရာနဲ့ ကျနော်တို့ နမ္မတီးတာရေး ကူညီမှုအသင်းကို အကူအညီတောင်းပြီးမှ အခု နမ္မတီးဆေးရုံမှာ ကျည်ဆန်ထုတ်နေတယ်ဗျာ။ လက်နက်ကြီးက သူအိမ်ရဲ့ ၁၂ ပေလောက်မှာကျတာ။” လက်နက်ကြီးကျည်ကျချိန်မှာ မိဘနှစ်ဦးကို ထိခိုက်ခဲ့ပေမယ့် ကလေးတွေကိုတော့ မထိခဲ့ပါဘူး။ လက်ရှိမှာတော့ ကလေးတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့လည်း ဦးလရှီဘရန်အောင်က ပြောပါတယ်။ အဆိုပါရွာမှာ လွန်ခဲ့တဲ့ တပတ်လောက်ကလည်း လက်နက်ကြီးကျလို နေအိမ်တလုံး ပျက်စီးခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ပါဘူး။ ဧပြီ ၁၂ ရက်နေ့ကလည်း နမ္မတီမြို့ သူဌေးကုန်းကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး ကျည်ဆန်မှန်လို့ နွားတကောင် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ အစိုးရတပ်ဘက်က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်  လိုင်ဇာနဲ့ ၂ မိုင်လောက်ဝေးတဲ့ လ၀န်ယန်ကျေးရွာက ငှက်ပျောခြံမှာ ကျရောက်ပေါက်ကွဲလို့ ရွာသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကချင်ပြည်နယ်ဒေသတော်တော်များများမှာ အခုရက်ပိုင်းတွေမှာ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။ ဧပြီ ၁၁ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်ရှိတဲ့ နေရာအတော်များများ အစိုးရက လက်လက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်က ပြောခွင့်ရသူ  ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။  
4 years Ago
More News
Up