အစိုးရစစ်သား ၁၀ ဦး သေဆုံး

June 1, 2017

ဖိလစ်ပိုင်စစ်တပ် လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်လွဲပြီး အစိုးရစစ်သား ၁၀ ဦး သေဆုံး

အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ သူပုန်တွေကို တိုက်ခိုက်ခဲ့တဲ့ ဖိလစ်ပိုင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း ပစ်မှတ်လွဲချော် ထိမှန်ခဲ့မှုကြောင့် အစိုးရစစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဇွန် ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လော်ရန်ဇာနာက ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့က အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ မအူတေ (Maute) သူပုန်တွေကို အနိုင်တိုက်ဖို့ ကြိုးစားခဲ့တဲ့ အဓိကလေကြောင်းတိုက်ခိုက်မှုအတွင်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ မာရဝီမြို့ရဲ့ အချက်အခြာနေရာကို ဦးတည်ပြီး ဖိလစ်ပိုင်လေတပ် အက်စ်အက်ဖ် ၂၆၀ လေယာဉ် ၂ စင်းက ဗုံးတွေကြဲခဲ့ချိန် မေလ ၃၁ ရက်နေ့မှာ အစိုးရစစ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ပထမလေယာဉ်က ပစ်မှတ်ကို ထိပေမယ့် ဒုတိယလေယာဉ်က ပစ်မှတ် လွဲခဲ့တာလို့ ဆိုပါတယ်။ “ကျနော်တို့ရဲ့ စစ်သားတွေကို ထိမှန်သွားတာက တော်တော်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ တနေရာရာမှာ အမှားတခု ရှိသွားတာဖြစ်မယ်။ လေယာဉ်မောင်းတဲ့သူ ဒါမှမဟုတ် မြေပြင်က အမိန့်ပေးသူ တယောက်ဖြစ်မယ်” လို့ ဝန်ကြီးက ပြောပါတယ်။ ဖိလစ်ပိုင်စစ်တပ်က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကတည်းကစလို့ ဟယ်လီကော်ပတာတွေပေါ်ကနေလည်း ဒုံးကျည်တွေနဲ့ ပူးပေါင်းပစ်ခတ်ပြီး မအူတေ (Maute) သူပုန်အုပ်စုဝင်တွေ အဆောက်အအုံတွေထဲက ထွက်လာအောင် တိုက်နေတာပါ။ မေလ ၃၁ ရက်နေ့ကတော့ အက်စ်အက်ဖ်-၂၆၀ စစ်လေယာဉ်တွေကို ပထမဦးဆုံး သုံးခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့ကိုထောက်ခံတဲ့ မအူတေသူပုန်အုပ်စုတွေဟာ အကြမ်းဖက်ရက်စက်တဲ့ ရန်သူတွေဖြစ်ပြီး မာရဝီရဲ့ အချက်အခြာနေရာကို မစွန့်ပဲ ခြေကုပ်ယူထားတယ်လို့ ဆိုပါတယ်။ မာရဝီမြို့မှာ ပြီးခဲ့တဲ့ ၉ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သူပုန် ၁၂၀ ဦး၊ အရပ်သား ၁၉ ဦးနဲ့ စစ်သား ၃၈ ဦးထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ဆော်ဒီ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ယီမင် စတဲ့နိုင်ငံတွေက နိုင်ငံခြားသား စစ်သွေးကြွ ၈ ဦးလည်း သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
4 years Ago
Up