အစိုးရ

July 12, 2019

ရွှေလုပ်ငန်းရှင်များအတွက် မှုခင်းရေးရာကိစ္စများကို အစိုးရက ကူညီပေးရန်တိုက်တွန်း 

ရွှေလုပ်ငန်းရှင်တွေအတွက် မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ဘက်က ကူညီပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ၊ ဗဟိုရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ နိုင်ငံတော်ကို အခွန်ဆောင်ပြီး တရားဝင်ရောင်းဝယ်နေပေမယ့် အကြောင်းအမျိုးမျိုးနဲ့ သူခိုးပစ္စည်းဖြစ်သွားပြီး ကြံရာပါအပြင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းတာတွေနဲ့ ပတ်သက်လို့ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ မြန်မာနိုင်ငံ ဗဟိုရွှေ လုပ်ငန်းရှင်အသင်းနဲ့ ကရင်ပြည်နယ်ရွှေလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ၊ ဗဟိုရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက “သဘာဝကျကျ ရောင်းပေးရမယ်။ဝယ်ပေးရမယ်။ ဒီလိုလုပ်ပေးတာကို ဥပဒေမှာ အဓိပ္ပာယ်သတ်မှတ်တဲ့အခါ တလွဲ။ ဆိုလိုတဲ့ သဘောက ဥပဒေကို လိုတဲ့အပိုင်းမှာရေးပြီး မလိုတဲ့အပိုင်းကို ဖယ်ထားတဲ့ ပုံစံမျိုးမဖြစ်ရအောင် နိုင်ငံတော်ဘက်က ကူညီပေးဖို့ လိုအပ်မယ်ထင်တယ်”လို့ ပြောပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ရွှေလုပ်ငန်းရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မှုခင်းရေးရာအပိုင်းတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာရင် ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်နိုင်ဖို့၊ ပန်းတိမ်လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် အသင်းဖွဲ့စည်းမှု ပိုမိုအားကောင်းပြီး အောင်မြင်လာစေဖို့အတွက် ရည်ရွယ်ပြုလုပ် ခဲ့တာပါ။ လက်တလော ရွှေလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်၊ ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက “အခက်အခဲက ရောင်းမှား ၀ယ်မှားတာတွေ။ သူခိုးဆိုတာက ချိုမပါဘူး။ လာရောင်းတယ်၊ ပစ္စည်းမှန်ကန်တယ်ဆိုပြီးတော့ ၀ယ်တယ်။ ၀ယ်ပြီးတော့ သူပစ္စည်းလိမ်တော့ နည်းဥပဒေဘောင်းအတွင်းကနေ ဖြေရှင်းရတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ဗဟိုရွှေလုပ်ငန်းရှင်အသင်းကို ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းပြီး အခုအခါမှာ ညီနောင်အသင်း ၈ သင်းအထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ကရင်ပြည်နယ်ရွှေလုပ်ငန်းရှင်အသင်းကိုတော့ ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာက အခု အသင်းဝင် ၇၀ နီးပါးရှိပြီး အသင်းဝင်တိုးပွားရေး စည်းရုံးဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ သတင်း- ရဲမင်းခေါင်
2 years Ago

July 1, 2019

အစိုးရက ပိုမိုသည်းခံရန်လိုဟု ဟောင်ကောင်အကြီးအကဲ ပြော

ဟောင်ကောင်ကျွန်းကို ဗြိတိန်က တရုတ်ပြည်မကြီးလက်ထဲ ပြန်လွှဲပေးခဲ့တဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အလံတင် အခမ်းအနားမှာ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ဟာ လူထုရှေ့ကို ထွက်လာပါတယ်။ “အရင်လက အစိုးရ အရာရှိတွေနဲ့ ပြည်သူတွေကြား လူမှုရေး ခြားနားချက်တွေ ရှိခဲ့တယ်၊ အစိုးရဟာ ပိုသည်းခံဖို့ လိုတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့တယ်” လို့ ကယ်ရီလမ်က မှတ်ချက်ပြု ပြောဆိုပါတယ်။ ဟောင်ကောင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာ သေချာစေရေး သဘောတူညီချက်နဲ့ ဗြိတိန်က တရုတ်ပြည်မကြီး လက်အောက်ကို ပြန်လွှဲပေးခဲ့တာပါ။ လတ်တလော နှစ်တွေအတွင်း ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်ရေးတွေ တိုက်စားခံရပြီး တရုတ်ပြည်မကြီးက ဝင်ရောက်စွက်ဖက်မှု တိုးနေတယ်လို့ ဒေသခံတွေအများအပြားက ရှုမြင်နေကြတယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရတယ်လို့ မီဒီယာတွေက ရေးပါတယ်။ အဆင့်မြင့် အရာရှိတွေနဲ့အတူ ဟောင်ကောင်အကြီးအကဲက နှစ်ပတ်လည် အခမ်းအနားကို ကျင်းပနေချိန်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက အခမ်းအနား ကျင်းပရာနေရာ အပြင်ဘက်မှာ စုရုံး ခဲ့ကြပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ ငရုတ်ကောင်းရည်တွေနဲ့ ဖြန်းပက်ခဲ့ပါတယ်။ တရုတ်ပြည်မကြီးက သံသယ ရှိသူတွေကို ပြည်မကြီးမှာ တရားစီရင်နိုင်ဖို့ ဟောင်ကောင်ကနေ ပြည်မကြီးဆီကို လွှဲပေးခွင့်ပြုမယ့် ဥပဒေ မူကြမ်းကို ဟောင်ကောင်သားတွေ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြတာပါ။ ဟောင်ကောင်သမိုင်းမှာ အကြီးဆုံးနဲ့ အကြမ်းဖက်ဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့အပြီး အစိုးရက ဥပဒေမူကြမ်းကို အတည်မပြုသေးဘဲ ဆိုင်းငံ့ထားပါတယ်။
2 years Ago
Up