အစိုးရ အသစ်၊ မူဝါဒနဲ့ စင်တင် မူဝါဒ သုတေသီများ အကြောင်း

A d v e r t i s e m e n t With Us

June 1, 2016

အစိုးရ အသစ်၊ မူဝါဒနဲ့ စင်တင် မူဝါဒ သုတေသီများ အကြောင်း

မိတ်ဆွေများသို့ အိတ်ဖွင့်ပေးစာ (၁) တင်မောင်သန်း ဒေါက်တာတင့်ဆွေသို့ အစိုးရ အသစ်၊ မူဝါဒနဲ့ စင်တင် မူဝါဒ သုတေသီများ အကြောင်း ... အစ်ကိုလေးရေ အန်အယ်လ်ဒီ အစိုးရအသစ်မှာ မူဝါဒ မရှိဘူးလို့ စင်ကာပူမှာလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပညာရှင်တွေက အစိုးရအသစ်အပေါ် ဝေဖန်ကြတဲ့ သတင်းကို မီဒီယာတွေပေါ်မှာ ဖတ်လိုက်ရသဗျ။ ဒီအကြောင်းကို အစ်ကိုလေးကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ မှတ်ချက်ရေးတာ တွေ့လိုက်ရပါတယ်။ အစ်ကိုလေးရာ .. အဲဒီ စင်တင်သုတေသီ ဒါမှမဟုတ် ပညာရှင်တွေကို ခေါင်းထဲများ ထည့်မနေပါနဲ့။ အဲဒီ စင်တင်သုတေသီဆိုတဲ့ထဲမှာ မောင်တင်မောင်သန်းလည်း အစွန်အဖျားနားက ကပ်ပြီး ပါပါတယ်။ ဒါကြောင့် စင်တင်သုတေသီလို့ ပြောတဲ့အခါ မောင်တင်မောင်သန်း ရည်ညွှန်းသူတွေထဲမှာ သူ့ကိုယ်သူလည်း ထည့်ထားပါတယ်။ ဒီလောကထဲ ကိုယ်က ရောက်ခဲ့မှကိုးနော။ (ကျနော်အပါအ၀င်) သူတို့ရဲ့နေရာက ခုထိတော့ စင်ပဲ ရှိပါသေးတယ်။ မူဝါဒ ရှိရှိ၊ မရှိရှိ ဘာများ အရေးကြီးလို့လဲလို့ အဲဒီ စင်အထက်က ပညာရှင်တွေကို မောင်တင်မောင်သန်းက မေးချင်တယ်ဗျ။ ခု ပြုပြင်ပြောင်းလဲရေးမှာ လိုအပ်နေတာက မူဝါဒဆိုတာထက် ယုံကြည်မှု (Trust)၊ တည်ဆောက်ပုံနဲ့ စနစ် (structure & system) ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ မူဝါဒတွေကို တခုတ်တရ အဟုတ်ကြီးလုပ် ပြောနေတာ ဘာနဲ့တူမလဲဆိုရင်၊ ဘိလပ်မြေခိုး၊ သံခိုး၊ ပြီးစလွယ်လက်ရာနဲ့ အပွကြံ ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ရဲ့ ဈေးအပေါဆုံး၊ အကျဉ်းဆုံး အပေါ်ဆုံးထပ်တိုက်ခန်းမှာ ကုပ်ကပ် (၅) နှစ်ငှား နေနေရတဲ့သူကို ချိုမြလှဆိုတဲ့ စိန်တလုံး သရက်မျိုးစေ့တွေ ပေးပြီး စိန်တလုံး သရက်ကဖြင့် ဘယ်လိုကောင်းတာ .. ဒါကြောင့် အသီးဆိုသရက်လို့ အဆိုရှိခဲ့တဲ့ “ဒေသခံ ဗမာမှု၊ ဗမာ့အခြေအနေ” နဲ့အညီ သရက်ပင်ကြီး စိုက်စမ်းပါဗျာလို့ အံ့မခန်း အကြံပေးနေတာနဲ့ တူသဗျ။  စင်ကာပူ ဆွေးနွေးပွဲဆိုတာ အဲဒီလို အကြံပေးသူတွေ စိန်တလုံးအကြောင်းပြောတဲ့ပွဲ ထင်ပါရဲ့။  ဒါမှမဟုတ် အရင်လက်ထက်ကတည်းက သရက်ပင်တွေစိုက်ဖို့ ကြိုးစားခဲ့ပြီး စိုက်လို့မရ၊ သရက်သီးစေ့ လက်ကျန် တပွေ့တပိုက် ပိုက်ထားရသူတွေက စိန်တလုံးအကြောင်း ဆက်ပြောကြတဲ့ပွဲ ထင်ပါရဲ့။  အထင်ပြောတာပါ အစ်ကိုလေးရာ .. ကိုယ်မှ သူတို့ ဘာတွေပြောတာ အတိအကျ မသိရတာ။ ဒီစကား တင်မောင်သန်းဆီကကြားတော့ အစ်ကိုလေးက အံ့သြကောင်း အံသြနေပါလိမ့်မယ်။ ဟုတ်တယ်လေ ..။ ကျနော်က စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ (Centre for Economic and Social Development) မှာ အကြီးတန်း သုတေသီလို့ ရာထူးသဘောအရ နာမည်တပ်၊ အလုပ်လုပ်နေတာကိုး။ အဖွဲ့ထဲမှာ လုပ်ဖော်ကိုင်ဘက် နိုင်ငံခြား သုတေသီတွေကိုရော၊ မြန်မာနိုင်ငံသား သုတေသီတွေကိုပါ ကျနော် မကြာခဏဆိုသလို ပြောတတ်တာ ရှိပါတယ်။ ကိုယ့်လူတို့ .. ကိုယ့်ကိုယ်ကိုယ် မူဝါဒ လေ့လာရေး သုတေသီဆိုပြီး အဟုတ်ကြီး မမှတ်ကုန်လင့်။ ငါတို့ကား .. စင်တင်သုတေသီမျှသာတည်း။ ငါတို့ထုတ်သမျှ မူဝါဒလေ့လာချက်များကို ဘယ်သူမှ မဖတ်၊ နောက်ဆုံး စင် (shelf) ပေါ်မှာတင် ပြထားတာနှင့် အဆုံးသတ်ရသောကြောင့် စင်တင်သုတေသီ (shelf policy researchers) ဟု ခေါ်သတည်း။ ထို စင်တင်သုတေသီများသည် သူတို့အချင်းချင်း ထုတ်သမျှ ဖတ်ရှုလေ့လာ ကိုးကား ဆွေးနွေး  ရေးသားကြခြင်း အလုပ်ကို အမေရိကန်ဒေါ်လာ သိန်းသန်းချီ အကုန်ခံ၍ လုပ်ကြလေ၏။ ဆွေးနွေးပွဲများတွင် တက်လာသမျှ အစိုးရကို ဝေဖန်ကြကုန်လေသတည်း။ လုပ်ဖော်ကိုင်ဘက်တွေကို ဒီလို ကျနော်ပြောပါတယ်။ နိုင်ငံခြားအဖွဲ့တွေက ကျနော်တို့ဆီကို လာရောက်တွေ့တဲ့အချိန်၊ ကျနော်ဆိုတဲ့ကောင်မှာလည်း “မောင်ဖိုးတင်” ကလောင် အငေါ့စိတ်လေး ၀င်နေတဲ့အခါမျိုး ဆိုရင်ပေါ့ ..  “ကျနော်တို့အဖွဲ့က ‘စင်တင် မူဝါဒလေ့လာရေးအဖွဲ့’ ပါ” (shelf policy research centre) လို့ မိတ်ဆက်တတ်ပါတယ်။ အင်း ..  ‘စင်တင် မူဝါဒ’ လေ့လာရေး ဆိုတာကလည်း ကျနော်တို့တဖွဲ့တည်း မဟုတ်လေဘူးဗျ။ မြန်မာပြည်မှာ ကျနော်တို့အဖွဲ့ အပါအ၀င် ယူအန်အဖွဲ့အမျိုးမျိုး၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုးက ကဏ္ဍအမျိုးမျိုးမှာ လေ့လာချက်တွေ လုပ်ကြပြီး ထုတ်ထားတဲ့ စာအုပ်တွေက အတော်လေး စုံနေပါပြီ။ အဲဒီစာအုပ်တွေ အားလုံးက ဆိုင်ရာအဖွဲ့ အသီးသီးရဲ့ စင်တွေပေါ်မှာ ရှိုးအပြည့်နဲ့ပေါ့ဗျာ။ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာ ထိပ်ပိုင်းပုဂ္ဂိုလ်တွေက ဖတ်တယ်ဆိုတာ ရာနှုန်း အလွန့်အလွန်ကို နည်းပေတာကိုး။ ဘာကြောင့်လဲ။  ဗျူရိုကရေစီဖွဲ့စည်းပုံမှာ အဲဒီလို မူဝါဒ လေ့လာရေးနဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံစနစ်မှ မရှိတာ။ ဒါပေမယ့် ကျနော်တို့ရဲ့ စင်တင်ပညာရှင်ကြီးများကတော့ အဲဒီဖွဲ့စည်းပုံနဲ့ စနစ်ကို သတိတောင်မှ ရကြပုံမရဘူး အစ်ကိုလေးရ။ နားလေးနေရှာတဲ့ လူနာရဲ့နားကို ကုပေးဖို့ သတိမရဘဲ၊ ဘာတဲ့ ရွာစားရေ .. ဆိုပြီး အချင်းချင်း ပင့်လုံးလေးတွေ ချီလို့ တီးပြီးရင်း တီးနေကြတဲ့ မူဝါဒ ဆိုင်းဆရာကြီးများလို့လည်း ပြောလို့ရမလား မသိဘူး အစ်ကိုလေးရ။ မူဝါဒဆိုသည်မှာ အမူပိုနေသော ၀ါဒသာတည်းလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုရမယ့်ပုံပါပဲ။ အစ်ကိုလေး အစ်ကိုလေးလို့ပဲ ခေါ်မယ်ဗျာ။ မန္တလေး ဆေးရုံအုပ်ကြီးနဲ့ အထက်မြန်မာပြည် ဆေးရုံများ စစ်ဆေးရေးမှူးချုပ်လုပ်ခဲ့တဲ့ ဆရာ့ညီဝမ်းကွဲ ဒေါက်တာမောင်ဝင်းက အစ်ကိုလေးလို့ ဆရာ့ကို ခေါ်တယ်လေ။ ကျနော်ကလည်း သူခေါ်သလို ဆေးကျောင်းမှာကတည်းက လိုက်ခေါ်ခဲ့တာ မဟုတ်လား။  ခုလည်း အဲဒီအတိုင်းပဲ ဆက်ခေါ်မယ်ဗျနော။  ထားတော့ .. ကျနော်တို့ ပြောလက်စစကား ပြန်ကောက်ကြရအောင်။ တကယ်တော့ အစ်ကိုလေးရေ .. ပြီးခဲ့တဲ့ အစိုးရ ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးနှင့် လူမှု ပြုပြင်ပြောင်းလဲရေး မူဘောင် (Framework for Economic and Social Reform – FESR) ကို ရေးဆွဲရာမှာ ကျနော်တို့အဖွဲ့ အထူးသဖြင့် ခု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ကိုဆက်အောင်နဲ့ နောင်မှာ သမ္မတရဲ့ စီးပွားရေး အကြံပေးဖြစ်လာတဲ့ ကိုဇော်ဦးတို့ အဓိကနေရာက ပါဝင်ခဲ့ကြပါတယ်။ အဲဒီ မူဘောင် FESR ကို ၂၀၁၂ ဒီဇင်ဘာမှာ အစိုးရက တရားဝင် ပြဋ္ဌာန်းပါတယ်။ အဲဒီ မူဘောင် FESR ကို မြန်မာနိုင်ငံသားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် မသိကြပါဘူး။ အစတုန်းကဆိုရင် သိသူနည်းနည်းပဲ ရှိရာမှာ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံသားတွေထက် ပိုများမယ် ထင်ပါရဲ့။ စိတ်ဝင်စားကြသူတွေကလည်း နိုင်ငံခြားသားတွေပါပဲ။ ဌာနတွေမှာဆိုရင် ညွှန်မှူးအဆင့်တောင် မသိကြဘူးဗျ။ အစ်ကိုလေးမှာ ညွှန်မှူးအဆင့် ရင်းနှီးသူရှိရင် မေးကြည့်ပါလား .. FESR ကို သိလား၊ ဖတ်ဖူးလား၊ ဘယ်တော့ကျမှ သိလဲ။ ဖတ်ဖူးလဲပေါ့နော်။ ထုတ်ပြီး တနှစ်လောက်ရှိတော့ အဲဒီမူဘောင် ဘယ်လောက်အထိ ဆောင်ရွက်နိုင်သလဲဆိုတဲ့ အစီရင်ခံစာ တင်ကြဖို့ သမ္မတရုံးကတောင်းမှ ကျနော်တို့အဖွဲ့မှာ အဲဒီ မူဘောင်လာယူ ဒါမှမဟုတ် မှာယူ ဖတ်၊ ဘယ်လောက်အထိ လုပ်ပြီးပါကြောင်း တင်ကြတာပေါ့ဗျာ။ ရွေးကောက်ပွဲအပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲတရပ်မှာ ဒုတိယညွှန်ချုပ်တယောက်နဲ့တွေ့တော့ သူတို့ဌာနမှာ လုပ်ခဲ့တာတွေရဲ့ ၄၀ ရာခိုင်နှုန်းပဲ အောင်မြင်ပြီး ၆၀ ရာခိုင်နှုန်းက မအောင်မြင်ဘူး။ အောင်မြင်၊ မအောင်မြင်ရခြင်း အကြောင်းရင်းတွေကိုလည်း ရေးထားပြီး အစိုးရအသစ်ကိုလွှဲဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကျနော့်ကို ပြောသဗျ။ ဒါက မူဝါဒဆိုတာရဲ့ လက်တွေ့ဘ၀နော။ ဒါကြောင့် မူဝါဒက ထင်သလောက် အရေးကောကြီးလို့လားဆိုတဲ့ မေးခွန်းကို ကျနော်က မေးနေရတာပါ။ အသားလွတ် မဟုတ်ပါဘူး။ အဲဒီ မူဝါဒ ဆက်စပ်ကိစ္စတွေထဲမှာ မဖြစ်စလောက် ပါဝင်ပတ်သက်ခဲ့ဖူးသူ တယောက်အနေနဲ့ ဘ၀အသိအရ ဖြစ်ပေါ်လာတဲ့ မေးခွန်းကို ထပ်ဆင့် မေးလိုက်တာပါ။ အစ်ကိုလေးက ဖေ့စ်ဘွတ်ခ်မှာ မေ ၂၇ ရက်စွဲနဲ့ ရေးတယ်နော်။ “ဒေါက်တာ တင်မောင်မောင်သန်းဆိုတာ ကျနော်နဲ့သိတဲ့ သင့်ဘ၀ ကိုတင်မောင်သန်း မဟုတ်ဘူး ထင်ပါတယ်။ သင့်ဘ၀ ကိုတင်မောင်သန်းကတော့ ဦးသိန်းစိန် တက်ကတည်းက ထိုင်စရာရပြီး ပြောစရာ စကားမရ ဖြစ်နေပုံရတယ်” လို့။ ဟုတ်တယ် အစ်ကိုလေးရ။ ကျနော့်ကို ဆရာ တင်မောင်မောင်သန်းနဲ့လည်း မှားတယ်။ မကြာခဏဆိုသလို အမှားဆုံးကတော့ အမ်ပီစီနဲ့ အီးဂရက်စ်က ကိုတင်မောင်သန်းပါပဲ။ သူက အရင်အစိုးရလက်ထက် အမျိုးသားစီးပွားရေးနဲ့ လူမှုအကြံပေးကောင်စီ၊ အင်္ဂလိပ်လိုတော့ National Economic and Social Advisory Council (NESAC) အဖွဲ့ဝင်ပါ။ အစိုးရ၀န်ထမ်းတယောက်လို့ ယူဆရတဲ့ ခင်ချင်းတွင်းရဲ့ သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ အစိုးရကို အကူအညီပေးတဲ့ နိုင်ငံခြား အကူအညီတွေ စီမံခန့်ခွဲရာမှာ အကြံပေးဖို့ NESAC ကို အဓိက ဖွဲ့စည်းတယ်လို့ ဖတ်ဖူးပေမယ့် အဲဒီ အဖွဲ့ဝင်တွေကလည်း သူတို့ဟာ သမ္မတ အကြံပေးဖြစ်တယ်လို့ ပြောလေ့ရှိကြကြောင်း နိုင်ငံခြားသားတွေက ကျနော့်ကို ပြောကြပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက် အဖောင်းပွဆုံး စကားလုံးတွေထဲမှာ သမ္မတ အကြံပေး ဆိုတဲ့ စကားလုံးလည်း ပါမယ်ထင်ပါရဲ့။ အဲဒီ ကိုတင်မောင်သန်းနဲ့ နာမည်တူတာရယ်၊ အဖွဲ့နာမည်ကလည်း စီးပွားရေးနဲ့ လူမှုဆိုတဲ့ စကားလုံးတွေက တူနေတာရယ်ကြောင့် ကျနော့်ကို သမ္မတအကြံပေးလို့ ထင်ကြတဲ့သူတွေက အများကြီးပါ။ အစ်ကိုလေးပြောတဲ့ “ဦးသိန်းစိန် တက်ကတည်းက ထိုင်စရာ” ဆိုတာ ဒါကိုပဲ ညွှန်းသလား မသိဘူးနော်။ နိုင်ငံခြားသားတွေ အဲဒီလို မှားပြောတဲ့အခါတိုင်း ကျနော်ကက ယူအိုင်ပီ (UIP – Unimportant Person) တင်မောင်သန်းပါ ခင်ဗျာလို့ ပြောရပါတယ်။ အဲ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့ ၂ ခုမှာတော့ ကျနော်ပါခဲ့ဖူးပါတယ်။ တခုက ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်ရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဖူးပါတယ်။  နောက်တခုကတော့ အုပ်ချုပ်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး အလုပ်အဖွဲ့မှာ အစိုးရ၊ အလှူရှင်နိုင်ငံ ကိုယ်စားလှယ်တွေနဲ့အတူ ပါခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း မူဝါဒဆိုတာထက်ကျော်ပြီး ဗျူရိုကရေစီရဲ့ စနစ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံတွေကို အတော်အတန် မြင်ခွင့်ရခဲ့တယ် ဆိုပါတော့ အစ်ကိုလေးရာ။ တကယ့်သက်ရောက်မှုထောင့်က ပြောမယ်ဆိုရင် မူဝါဒပိုင်းအရ၊ အစိုးရသစ်မှာ အားနည်းနေတာကို သိပ်ကြီး ရေးကြီးခွင်ကျယ်လုပ်နေဖို့ မလိုဘူးထင်ပါတယ်။ ပြီးတော့ အချိန်ကာလကိုလည်း ကြည့်ဖို့ လိုပါလိမ့်မယ်။ ခုအစိုးရတက်တာက တလကျော် ရှိပါသေးတယ်။ အရင်အစိုးရတုန်းကလည်း အချိန်ယူခဲ့ကြရတာပါပဲ။ ပြုပြင်ပြောင်းလဲရေး မူဘောင်ဆို တက်လာပြီး တနှစ်နဲ့ ကိုးလအကြာ ၂၀၁၂ ဒီဇင်ဘာမှ အတည်ပြုနိုင်တဲ့ အဆင့်ရောက်တာလေ။ ၂၀၁၁ မှာတက်တဲ့ အစိုးရဟာ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကိုပြောတာ၊ သမ္မတရဲ့ ၂၀၁၂ မေလ ၁၂ မိန့်ခွန်းမှာမှ အတော်လေး ပီပီသသ တွေ့ရတာပါ။ တနှစ်ကျော်ကြာတယ် အစ်ကိုလေးရ။ ဒါတောင် “အုပ်ချုပ်မှုကောင်းနဲ့ သန့်ရှင်းသော အစိုးရ” ဆိုတာနဲ့တင် လည်နေခဲ့တာ မဟုတ်လား။ ဒါကြောင့် အစ်ကိုလေးမှတ်ချက်ကို ပြန်ကောက်ရရင် မောင်တင်မောင်သန်းမှာ ပြောစရာစကား .. မရမဟုတ် ရတာတွေ ရှိပါတယ်။ ဒါပေမယ့် မပြောဖြစ်ပါဘူး။ အထိုင်ကြောင့် “ပြောစရာ စကားမရ” တာတော့ မဟုတ်ဘူး အစ်ကိုလေးရ။ ပြဿနာရဲ့ ဘက်ပေါင်းစုံကို မြင်လာတဲ့အခါ တခုတည်းကို လက်ညှိုးထိုးပြောလို့ မသင့်ဘူးဆိုတဲ့ စိတ်ဖြစ်သွားလို့ပါ။ တနည်းပြောရင်တော့ အစ်ကိုလေးရာ .. တိုက်ကြီးရဲ့ တည်ဆောက်ထားပုံတွေ၊ စနစ်တွေရဲ့ အားနည်းချက်နဲ့ တချို့ဆိုရင် ရှိသင့်ရှိထိုက်တာတွေ ပျောက်နေတဲ့ အဖြစ်တွေကို မြင်တဲ့အခါ ၅ နှစ်တာ အငှားတက်နေလာသူကို လက်ညှိုးထိုး ပြောမယ်ဆိုရင် မျှတရာ မရောက်ဘူးလို့လည်း ခံစားရလို့ပါ။  ဒါကြောင့် ကျနော် မပြောဖြစ်ခဲ့တာပါ။ စင်ကာပူသတင်းနဲ့ အစ်ကိုလေးရဲ့ ဖေ့စ်ဘွတ်ခ်ကို အကြောင်းပြုပြီး ၂၀၀၀ ခုနှစ်တွေ အတွင်းက အာအက်ဖ်အေမှာ အသံလွှင့်ခဲ့ဖူးတဲ့ သူငယ်ချင်းသို့ ပေးစာများလို အခု ပေးစာတွေ ပြန်ရေးဖြစ်ဦးမှာမို့လည်း အစ်ကိုလေးရေ .. ကျေးဇူးပါ။ ရှေ့အပတ်တွေမှာ အဲဒီမူဝါဒနဲ့ ဆက်နွယ်နေတဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ အားနည်းချက်တွေနဲ့ ပျောက်ဆုံးသွားတာတွေ ပြောကြရအောင်နော။ ပြောင်းလဲဖို့ ကြိုးစားခဲ့၊ ကြိုးစားနေကြသူတွေကို ကျနော်က အရင်တုန်းကလည်း လက်ညှိုးမထိုးချင်ခဲ့သလို ခုလည်း မထိုးချင်ပါဘူး။ လုပ်စရာတွေက အများကြီးကိုး။  စနစ်နဲ့ ဖွဲ့စည်း တည်ဆောက်ထားပုံတွေကိုပဲ အဓိကထား ပြောမှာပါ။ တင်မောင်သန်း
5 years Ago
Up