အစိုးရအဆောက်အအုံ

March 24, 2019

ဆိုမာလီ အစိုးရအဆောက်အအုံကို သူပုန်အဖွဲ့ဝင်စီး၊ ဒုဝန်ကြီးအပါအဝင် ၉ ဦး သေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက အစိုးရ အဆောက်အဦ တလုံးကို အယ်လ်ရှာဘတ် သူပုန်တွေက မတ်လ ၂၃ ရက်မှာ ဝင်စီးနင်းခဲ့ပါတယ်။ မြို့လယ်ခေါင် ဝန်ကြီးရုံးရဲ့ ဝင်ပေါက်မှာ ကားဗုံးတလုံးကို အသေခံ ဖောက်ခွဲခဲ့တဲ့အပြင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒုဝန်ကြီးတဦး အပါအဝင် လူ ၉ ဦးထက် မနည်း သေဆုံးပါတယ်။ ဆိုမာလီရဲ့ အလုပ်သမား ဝန်ကြီးရုံးနဲ့ အလုပ်အကိုင်ရေးရာ ဝန်ကြီးရုံးတွေရှိရာ အဆောက်အအုံကို စီးနင်းတာ သူတို့ပဲလို့ အယ်လ်ရှာဘတ်တွေက အခိုင်အမာ ပြောခဲ့ပါတယ်။ အယ်လ်ရှာဘတ်တွေဟာ တင်းကြပ်တဲ့ ရှရီယာ ဥပဒေနဲ့ ဆိုမာလီကို အုပ်ချုပ်ဖို့ လိုလားတိုက်ပွဲဝင်နေတဲ့ အစ္စလာမ္မစ် အုပ်စုပါ။ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆိုမာလီ ဗဟိုအစိုးရကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့ အယ်လ်ရှာဘတ်တွေကို ၂၀၁၁ မှာ မိုဂါဒစ်ရှူး မြို့တော်နဲ့ တခြား အမာခံ ခြေကုပ်စခန်းတွေကနေ မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားတွေက ဆိုမာလီနဲ့ အိမ်နီးချင်း ကင်ညာ နိုင်ငံတွေမှာ ဗုံးခွဲတာတွေ မကြာမကြာ ဆက်လုပ်နေလို့ ခြိမ်းခြောက်မှုတရပ်အနေနဲ့ ရှိနေပါတယ်။
3 years Ago
Up