အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးမည့်နေရာ ညှိနှိုင်းမရသေး

November 14, 2019

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးမည့်နေရာ ညှိနှိုင်းမရသေး 

အစိုးရနဲ့ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့အကြား နှစ်ဘက်အပစ်ရပ်သဘောတူ လက်မှတ်‌ရေးထိုးနိုင်ရေး ထပ်မံတွေ့ဆုံဆွေးနွေးဖို့အတွက် အခုချိန်ထိ တွေ့ဆုံမယ့်နေရာကို မညှိနှိုင်းနိုင်သေးဘူးလို့ ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။  အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြင့်တဲ့ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေ၊ အေအေ တို့အကြားမှာ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးဖို့ အောက်တိုဘာလထဲမှာ ထပ်တွေ့ဖို့ သဘောတူထားတာပါ။ မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ဖြစ်တဲ့ မိုင်းလားနဲ့ မူဆယ်မှာတွေ့ဖို့ အဆိုပြုထားပြီး အစိုးရဘက်ကတော့ ကျိုင်းတုံမှာပဲ ဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒရှိတာကြောင့် အခုချိန်ထိတွေ့မယ့် နေရာညှိနှိုင်းမရဖြစ်နေတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးခွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ တီအန်အယ်လ်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတာဘုန်းကျော်က “တွေ့ဆုံဆွေးနွေးဖို့ အတွက် တီအန်အယ်လ်အေ အဖွဲ့အနေနဲ့ အဆင်သင့်ဖြစ်နေသလို အစိုးရဘက်က တွေ့ဆုံလိုတဲ့ ကျိုင်းတုံမြို့က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအတွက် သွားလာရေးအခက်အခဲ ရှိတယ်” ပြောပါတယ်။ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အကြား အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ လေးကြိမ်အထိတွေ့ဆုံ ဆွေးနွေးထားပြီးဖြစ်ပါတယ်။  စက်တင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမှာ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးထားပြီး အောက်တိုဘာလထဲမှာ နောက်တကြိမ် တွေ့ဆုံကြဖို့ သဘောတူခဲ့ကြတာပါ။ လက်ရှိအချိန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်နေပေမယ့် တိုက်ပွဲတွေကြောင့် ဆွေးနွေးပွဲက ထိခိုက်မှာမဟုတ်ဘူးလို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ 
2 years Ago
Up