အစိုးရထောက်ခံ

June 7, 2020

ပြုံယမ်းတွင် အစိုးရထောက်ခံသူ လူငယ်နှင့်ကျောင်းသားများ ချီတက်

မြောက်ကိုရီးယား လူငယ်တွေနဲ့ကျောင်းသားတွေဟာ မြို့တော် ပြုံယမ်းမှာ ဇွန်လ ၆ ရက်က ချီတက်ခဲ့ကြပါတယ်။  မြောက်ကိုရီးယားကနေ ထွက်ပြေးပြီး တောင်ကိုရီးယားဆီ ဘက်ပြောင်းခိုလှုံသူတွေက လွှတ်တင်လိုက်တဲ့ မြောက်ကိုရီးယားအစိုးရကို ပြစ်တင်ရှုံ့ချတဲ့ လက်ကမ်းစာစောင်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ချီတက်တာလို့ ဆိုပါတယ်။ ဒါကို မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ထုတ်လွင့် ပြောဆိုပေမယ့် ရုပ်သံကို သီးခြားလွတ်လပ်တဲ့ စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။  မြောက်ကိုရီးယားကနေ ထွက်ပြေးတဲ့ လူ့အမှိုက် သစ္စာဖောက်တွေကို အသေ ဖြိုဖျက် ပစ်ကြစို့လို့ ရေးထားတဲ့ ခေါင်းစည်းတွေကို ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေး ချီတက် ခဲ့ကြပုံကို ရုပ်သံမှာ ပြထားတာပါ။ မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာသူများလို့ ခေါင်းစဉ်တပ်ထားပြီး မြောက်ကိုရီးယားအစိုးရကို ဆန့်ကျင်ကြောင်း ရေးထားတဲ့ ထောင်ချီတဲ့ လက်ကမ်း စာစောင်တွေကို လုံခြုံရေး တင်းကြပ်ထားတဲ့ စစ်တပ်ကင်းမဲ့ဇုံရဲ့ မြောက်ကိုရီးယားဘက်ခြမ်း တလျှောက် လတ်တလောမှာ လာပစ်ထားတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ ကင်ယိုဂျုံက ကြေညာချက် ထုတ်ပြန် သတိပေးခဲ့ပါတယ်။  ဒီလိုလုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင် လတ်တလော ရှိထားတဲ့ အပြန်အလှန် စစ်ရေး သဘောတူညီချက်ကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းမယ်လို့ တောင်ကိုရီးယား အစိုးရကို သတိပေးခဲ့ပါတယ်။  ဒီလုပ်ရပ်တွေဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ဘေးဖြစ်စေတဲ့အပြင် မြောက်ကိုရီးယားနဲ့ တင်းမာမှု တိုးစေမယ်လို့ ပြောရင်း ဒီလုပ်ရပ်တွေကို ဘက်ပြောင်းအုပ်စုတွေက ရပ်တံ့ဖို့ သူတို့ အားထုတ်ပြီးပြီလို့ တောင်ကိုရီးယားအရာရှိတွေက ချက်ချင်း တုံ့ပြန်ခဲ့ကြပါတယ်။  
1 year Ago
Up