အစိုးရတပ်

August 7, 2018

ကရင်အာဇာနည်နေ့ ကျင်းပမည့်နေရာမှ အစိုးရတပ်များ ပြန်ထွက်ခွာ

ကရင်အာဇာနည်နေ့ ကျင်းပမယ့်နေရာမှာ  တပ်မတော်က စစ်ကြောင်းတွေနဲ့ တပ်ချခဲ့ပေမယ့် အခုရက်ပိုင်းမှာ ပြန်ထွက်ခွာသွားတဲ့အတွက် သတ်မှတ်ထားတဲ့ နေရာမှာပဲ အခမ်းအနား ကျင်းပမယ်လို့ ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး စောရော်ဘင်မူးက ပြောပါတယ်။ လာမယ့် သြဂုတ် ၁၂ ရက်မှာ ကျရောက်မယ့် ၆၈ ကြိမ်​​မြောက်​ ကရင်​အာဇာနည်​​နေ့ အခမ်းအနားကို ကေအန်ယူ တပ်​မဟာ ၅ တပ်​ရင်း၊ ၁၀၂ နယ်မြေ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိ ကျေးရွာအုပ်စု ဖာလုံကြီးရွာမှာ  ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ကေအန်ယူ မူတြော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး စောရော်ဘင်မူးက “မနေ့က ကျနော်တို့ သတင်းအရ စစ်တပ်ဘက်က နေရာရွှေ့လိုက်တယ်လို့ သိရတယ်။ အရင်က ဖာလုံရွာ လမ်းမပေါ်မှာရှိနေခဲ့တယ် အခုတော့ ဆုတ်သွားတယ်။ ဘယ်အထိ ဆုတ်သွားလဲ ဆိုတော့မသိဘူး။ ဒါပေမယ့် ကျနော်တို့ ကျင်းပမယ့် ကရင့်အာဇာနည်နေ့ အခမ်းအနားကတော့ အဆင်ပြေ ချောမွေ့မယ်လို့တော့ ထင်ပါတယ်။ ” ကရင်အာဇာနည်နေ့အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းမယ့်အပေါ် ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားခဲ့ပြီးနောက်  အခမ်းအနား ကျင်းပမယ့်နေရာမှာ တပ်မတော်က လက်နက်ကြီး လက်နက်ငယ်အပြည့်အစုံနဲ့ အင်အားဖြည့် ဝင်ရောက် ထပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ ကရင်အာဇာနည်နေ့ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ စောရော်ဘင်မူးက ပြောပါတယ်။ “ကန့်ကွက်စာကတော့ မကန့်ကွက်တော့ဘူးလို့ မပြောဘူး။ ကန့်ကွက်နေဆဲပဲ။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်မယ့်ပွဲကလည်း သူများနေရာ၊ သူများခွင်၊ နောက်ပြီး သူများကို နှောင့်ယှက်မယ့် လှုပ်ရှားမှုမျိုးလည်း မဟုတ်ဘူး။ မိမိဒေသ၊ မိမိနယ်မြေ၊ မိမိအုပ်ချုပ်တဲ့ ဒေသမှာပဲ လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ စီစဉ်ထားတဲ့အတိုင်း အကောင်အထည်ဖော်မယ်ဆိုတာ ကျနော်တို့က ဆုံးဖြတ်ထားတာပေါ့နော်။” အခုလို အစိုးရတပ်ဖွဲ့တွေ ထွက်ခွာပေးတာဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းမှုကြောင့် ဖြစ်နိုင်ပြီး ဒါဟာ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့လည်း စောရော်ဘင်မူးက ပြောပါတယ်။
3 years Ago

March 16, 2018

အစိုးရတပ်များ ဖာပွန်ခရိုင်တွင်းမှ ပြန်ရုပ်သိမ်းရန် ကေအန်ယူ တောင်းဆို

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းက လမ်းဖောက်လုပ် ရေးအတွက် စေလွှတ်တဲ့ အစိုးရတပ်တွေကို ပြန်လည်ရုပ်သိန်းဖို့နဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်ရေး လုံခြုံမှုအာမခံချက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး ကေအန်ယူနဲ့ အစိုးရတပ်တို့အကြား တင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေအတွက် အန်စီအေ လက်မှတ်ထိုးတုန်းက ပါဝင်ခဲ့တဲ့ ပြည်တွင်း ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့  လူသားချင်း စာနာမှု အကူအညီတွေပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် အစိုးရနဲ့ လက်မှတ်ထိုးသူတွေအကြား ကွဲလွဲနေတဲ့ အန်စီအေဆိုင်ရာ အခြေခံ အယူအဆတွေကို ပြန်လည်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်း ကေအန်ယူက နိုင်ငံတာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်လူသောမြို့နယ်  ခေးပူနဲ့လယ်မူပလောရွာကြားမှာ ကားလမ်း ဖောက်လုပ်ရေးအတွက် မတ်လ ၄ ရက်နေ့ကစပြီး အစိုးရစစ်တပ်အင်အား တိုးချဲ့ ဝင်ရောက်လာခဲ့ပါတယ်။ စစ်တပ်တိုးချဲ့မှုကြောင့် ကေအန်ယူတပ်ဖွဲ့နဲ့ တင်းမာမှုတွေဖြစ်ပြီး ဒေသတွင်းကျေးရွာ ၁၄ ရွာ၊ လူပေါင်း ၂၀၀၀နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ကေအန်ယူက အစိုးရနဲ့ ၂၀၁၂ ခုနှစ်က အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ခဲ့ပြီး ၂၀၁၅ ခုမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အန်စီအေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်ရှိအန်စီအေ လုပ်ငန်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုမှာ ယုံကြည်မှု တည်ဆောက်နေချိန် အစိုးရတပ်ဘက်က အခုလို လုပ်ဆောင်တာဟာ အန်စီအေ သဘောတူညီချက်ကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း ကေအန်ယူက ထောက်ပြထားပါ တယ်။ ဖာပွန်ခရိုင်အတွင်း ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လည်း ကေအန်ယူ ဖာပွန်ခရိုင်အနေနဲ့  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဆီကို ကန့်ကွက်ကြောင်း တင်ပြထားပါတယ်။
4 years Ago
More News
Up