အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူ ၂ ယောက်သေဆုံးခဲ့ပြီး ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မျက်ရည်ယို ဓာတ်ငွေ့ဘူး ခေါင်းကိုထိမှန်လို့ ဆန္ဒပြသူတယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ ဆန္ဒပြသူ နောက်ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဓာတ်ငွေ့တွေအပြင် ကျည်အစစ်တွေ၊ ရော်ဘာကျည်တွေ သုံးပြီး ရာချီတဲ့ ဆန္ဒပြလူအုပ်ကို ဖြိုခွင်းဖို့ ကြိုးစားခဲ့တာပါ။
မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ရော်ဘာကျည်တွေကြောင့် ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံ ပို့ပေးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုင်းပြည်စီးပွားရေး ကျဆင်းတာ၊ အလုပ်အကိုင်နည်းပါးတဲ့ပြဿနာ၊ ဆင်းရဲနွမ်းပါးမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အီရတ်နိုင်ငံတွင်း ထိန်းမနိုင်သိမ်းမရ ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။
ကြမ်းတမ်းတဲ့ ဆန္ဒပြပွဲတွေအတွင်း အောက်တိုဘာ ၁ ရက်နေ့ကတည်းက လက်ရှိအချိန်ထိ သေဆုံးသူ အယောက် ၃၀၀ကျော် ရှိလာပြီ။
ဒီအခြေအနေဟာ လက်ရှိအာဏာရသူတွေအတွက်တော့ အာဏာရှင် ဆာဒန်ဟူစိန်ကျဆုံးတဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်း အရှုပ်ထွေးဆုံးနဲ့ အကြီးဆုံးစိန်ခေါ်မှုတွေထဲကတခု ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
3 years Ago