အီရန်နိုင်ငံက တရားသူကြီးအဖွဲ့ဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူ နောက်ထပ် ၃ ဦးကို “ဘုရားသခင်နဲ့ စစ်ပွဲဆင်နွှဲနေတယ်” ဆိုတဲ့ စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ မီဇန်သတင်းအေဂျင်စီက ဇန်နဝါရီ ၉ ရက်မှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၇ ရက်ကလည်း တခြားအမျိုးသား ၂ ဦးကို အီရန်အစိုးရက သေဒဏ်ချ ကြိုးပေးခဲ့ပြီး အဲ့ဒီထဲက တယောက်ဟာ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုအများကြီးရထားတဲ့ ကရာတေး ချန်ပီယံတဦးပါ။
ဒီသေဒဏ်ချမှတ်မှုတွေဟာ လက်ရှိဆန္ဒပြတောင်းဆိုမှုတွေ အဆုံးသတ်ဖို့ နှိမ်နင်းမှုတခုဖြစ်သလို ဒီသီတင်းပတ် ဖမ်းဆီးမှုတွေအတွင်း သေဒဏ်ကွပ်မျက်မှုတွေကိုပါ စတင်လုပ်ဆောင်လာတာကြောင့် ဆန္ဒပြပွဲတွေဟာလည်း အရှိန်တန့်သွားခဲ့ပါတယ်။
အီရန်နိုင်ငံအလယ်ပိုင်း မြို့တမြို့ဖြစ်တဲ့ အစ်စ်ဖာဟန်က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း ဘာစိချ် ပြည်သူ့စစ်အဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆာလာမာဟက်ရှ်မီ၊ မာဂျစ်ကာဇီမီနဲ့ ဆာအစ်ရာဟူဘီတို့ ၃ ဦးအနေနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့အပေါ် အယူခံဝင်နိုင်မယ်လို့လည်း မီဇန်သတင်းအေဂျင်စီက ဆိုပါတယ်။
ဘာစိချ်တပ်ဖွဲ့ဟာ ထိပ်တန်းတော်လှန်ရေးအစောင့်တပ်ဖွဲ့တွေအောက် ဝင်ရောက် ပေါင်းစည်းထားသလို အစိုးရက လက်ရှိ လူထုအုံကြွမှုတွေကို ဖိနှိပ်ဖြိုခွင်းရာမှာ ရှေ့ဆုံးကနေ ပါဝင်နေခဲ့တဲ့ အဖွဲ့တခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက်က အီရန် ကျင့်ဝတ်ထိန်းရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် မာဆာအာမီနီ သေဆုံးခဲ့တာကြောင့် ဒီဆန္ဒပြတောင်းဆိုမှုတွေဟာ လက်ရှိအချိန်အထိ ပေါ်ပေါက်နေတာဖြစ်ပါတယ်။