အစိုးရဆန့်ကျင်ဆန္ဒပြ

August 8, 2021

ဘန်ကောက်တွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး ပစ်ခတ်နှိမ်နင်း

ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်မှာ သြဂုတ် ၇ ရက်က ဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြသူ အယောက် ၁၀၀၀ ကျော်နဲ့ ရဲတွေ ထိပ်တိုက်တွေ့ပြီး  ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကပ်ဘေးကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို ကိုင်တွယ်ရာမှာ မအောင်မြင်တဲ့ ထိုင်းအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့  ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာရဲ့အိမ်နဲ့ အစိုးရရုံးဆီ ချီတက်ဆန္ဒပြဖို့ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရဲလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးလူစုခွဲခဲ့ရာက ထပ်တိုက်တွေ့ခဲ့ကြတာပါ။

ဘန်ကောက်ရဲ့ မြို့လယ်က အောင်ပွဲမော်ကွန်းကျောက်တိုင်နားက လမ်းကို  ရာနဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ကုန်သေတ္တာတွေ အသုံးပြု ပိတ်ထားခဲ့ပြီး ဆန္ဒပြသူတွေကို နောက်ဆုတ်အောင် ရော်ဘာကျည်ဆန်တွေ ၊ မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။

ပဋိပက္ခအတွင်း ရဲအချုပ်ကားတစ်စီးလည်း မီးလောင်ပျက်စီးသွားခဲ့သလို ဆန္ဒပြသူတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ 

ထိုင်းနိုင်ငံမှာ စနေတရက်တည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာသစ် ၂၂၀၀၀  နီးပါး ရှိခဲ့ပြီး ကူးစက်ခံသေဆုံးသူ ၂၁၂ ယောက် ရှိခဲ့လို့ တရက်တည်းအတွင်း ကူးစက်ခံ သေဆုံးသူ အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့် ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်ခံ ၇၃၆,၀၀၀  ကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၆,၀၆၆ ယောက်ရှိသွားပြီလို့ အစီရင်ခံ ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အင်တာနက် လွတ်လပ်ခွင့်အတွက် ကမ္ဘာ့တတိယအနိမ့်ဆုံး အဆင့်ကို ရောက်သွားပြီလို့ ဆိုင်ဘာလုံခြုံရေးနဲ့ အွန်လိုင်းကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်တွေ ကို အာရုံစိုက် သုတေသနပြုနေတဲ့ အင်တာနက်စာမျက်နှာ Comparitech ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက သြဂုတ် ၇ ရက်မှာ အစီရင်ခံပါတယ်။

ထိုင်းနိုင်ငံအတွင်း အင်တာနက်လွတ်လပ်ခွင့်ကို ၇၃ ရာခိုင်နှုန်း ကန့်သတ်ခံထားရတဲ့ အဆင့် ၁၁ ရှိတဲ့အနက် အဆင့် ၈ မှာ ရပ်တည်နေတယ်။ 

ဘီလာရုစ်၊ ကာတာ၊ ဆီးရီးယား၊ တက်ခ်မန်နစ္စတန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု တို့နဲ့ တန်းတူ ရပ်တည် နေတယ်လို့လည်း အစီရင်ခံထားပါတယ်။  

4 months Ago
Up