အငှားယာဉ်မောင်း

April 5, 2019

ညစ်ညမ်းရုပ်ရှင်ကြည့် အငှားယာဉ်မောင်းကို ရုပ်သံရိုက် မှတ်တမ်းတင်ခဲ့သည့် မိန်းမချောလေး

ထိုင်းနိုင်ငံက ချောမောလှပတဲ့ အမျိုးသမီးတဦးဟာ ညစ်ညမ်းကားဖွင့်ကြည့်ကာ မောင်းနှင်နေတဲ့ အငှားယာဉ်မောင်းကို ရုပ်သံရိုက် မှတ်တမ်းတင်ခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် မျှဝေခဲ့ပါတယ်။ ဘေးထိုအဲ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ဒီအဖြစ်အပျက်ကို ညဘက်တွေမှာ သွားလာလှုပ်ရှားနေရတဲ့ အမျိုးသမီးတွေကို သတိထားမိစေဖို့အတွက် သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကတဆင့် မျှဝေထားခဲ့တာပါ။ ဒီပို့စ်ဟာ တမုဟုတ်ချင်း အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ ပြုလုပ်နေကြတယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ် သတင်းမှာ ဖော်ပြပါတယ်။ အင်တာနက်အသုံးပြုသူ အမျိုးသားတွေကတော့ ညစ်ညမ်းကားကြည့်တာဟာ တရားမဝင်တာ မဟုတ်ပေမယ့် ကားမောင်းနေချိန်မှာ ခုလိုကြည့်တာကတော့ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဝေဖန်မှတ်ချက်တွေ ပေးနေကြတာပါ။ ဘေးထိုအဲရဲ့ ပို့စ်မှာတော့ ထိုင်းဘာသာနဲ့ “တက္ကစီ၊ ကြောက်မက်ဖွယ်၊ လူမှုဝန်းကျင်ဆီ ဦးတည်လာတဲ့ အန္တရာယ်၊ တကိုယ်တော် သွားလာလှုပ်ရှားနေရတဲ့ အမျိုးသမီးတို့အတွက်” လို့ အညွှန်းတပ်ပြီး ဒီရုပ်သံမှတ်တမ်းကို မျှဝေထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ ညပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူက ချစ်သူရဲ့ ဆိုင်ကယ်နောက်မှာ လိုက်ပါလာခဲ့ချိန်မှာ ခုလိုကြုံခဲ့ရတာလို့ ဆိုပါတယ်။ စစချင်းမှာတော့ သူက အဲဒီအငှားယာဉ်မောင်းဟာ ယူကျုကြည့်နေတယ်လို့ ထင်ခဲ့ပြီး နောက်တော့မှ ညစ်ညမ်းကားတကား ကြည့်နေခဲ့တာကို သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်တော့ သူဟာ ချစ်သူနဲ့အတူ အဲဒီအငှားကားနောက်က အချိန် ၁၅ မိနစ်လောက်ကြာအောင် မောင်းလိုက်ခဲ့ကြပြီး ခုလို မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ အငှားယာဉ်မောင်းတွေက ကားမောင်းနေချိန် မဖွယ်မရာလုပ်ပြတာ၊ ခုလို ညစ်ညမ်းရုပ်ရှင် ဖွင့်ကြည့်တာမျိုးဟာ မဖြစ်သင့်တဲ့ အခြေအနေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အမျိုးသားတွေကတော့ ခုလို ကားမောင်းနေချိန်မဟုတ်တဲ့ အခြေအနေမှာ ညစ်ညမ်းရုပ်ရှင်ကြည့်တာမျိုးကတော့ ယာဉ်မောင်းရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးဖြစ်တယ်လို့ ကာကွယ်ပြောနေတာတွေလည်း ရှိနေပါတယ်။ ဘေးထိုအဲကတော့ ဘန်ကောက်မှာ ကောင်းမွန်တဲ့ အငှားယာဉ်မောင်းတွေ များစွာရှိနေပြီး ခုလို မရိုးဖြောင့်တဲ့ ဖြစ်ရပ်ကိုတော့ အမျိုးသမီးထုကို သိစေချင်တာသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
3 years Ago

October 1, 2018

လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများကို ဖမ်းမိ

လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံခဲ့တဲ့ ကမာရွတ်မြို့နယ်မှာ အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့က Khant Min Thant (TAXI ပိုင်/မောင်းများ စုဝေးရာ O & D) အကောင့်ပိုင်ရှင်က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “မနေ့ည ၉ နာရီခွဲလောက်မှာ လှည်းတန်း ဦးထွန်းလွန်းခြံ လမ်းထိပ်မှ ကားရပ်ထားတယ်၊ အဲဒါ နောင်နောင်ဆိုတဲ့ လူမိုက်က ဒီနေရာက ထွက်မလား၊ မထွက်ဘူးလားလို့ မေးတယ်။ အဲဒါနဲ့ အကို ဘာမလွတ်လို့လဲပေါ့လို့ မေးလိုက်တယ်။ လွတ်လွတ် မလွတ်လွတ် ငါဖယ်ခိုင်းရင်ဖယ် ကွာတဲ့၊ ငါကို မင်းက ပြန်ပြောတာလားဆိုပြီး စထိုးပါတယ်။ ကျနော်လည်း ၀ိတ်ချင်းမမျှတော့ ကာပဲ ကာနိုင်ခဲ့တယ်ဗျာ။ ဒါနဲ့ ကျနော် ရဲခေါ်မယ်ဆိုပြီး ဖုန်းဆက်မလို့လုပ်ကော နောက်ကနေ ပြေးလာပြီး တယောက်ကချုပ် ငါးယောက်က၀ိုင်းထိုးတာဗျာ။ ဆေးရုံမှာ ဆယ်ချက်ချုပ်လိုက်ရတယ်ဗျာ…..” လို့ ရေးသားထားခဲ့ပါတယ်။ ဒီနောက် ထိုးကြိတ်ခံခဲ့ရတဲ့ လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်း ကိုခန့်မင်းသန့် ကိုယ်တိုင် အဲဒီနေ့ မွန်းလွဲပိုင်းမှာ ရဲစခန်းကို လာရောက် တိုင်ကြားခဲ့တာကြောင့် ကမာရွတ်မြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၅/ ၅၀၆/၁၁၄ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ တရားခံတွေကို စုံစမ်းစစ်ဆေးခဲ့ရာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကမာရွတ်မြို့နယ်နေ နောင်နောင်၊ ကိုကိုမောင်နဲ့ စိုးမိုးအောင် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။. ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးနဲ့ ပြစ်မှုကျူးလွန်ခံရသူ ကိုခန့်မင်းသန့်ကိုလည်း ဥပဒေနဲ့အညီ ခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up