အင်္ဂလန်ဆေးဘက်အရာရှိချုပ်

August 24, 2020

ပညာရေးပျက်ကွက်မှု ကိုဗစ်ကူးခံရသည်ထက် ပိုအန္တရာယ်ကြီးဟု အင်္ဂလန်ဆေးဘက်အရာရှိချုပ် သတိပေး

နွေကျောင်းပိတ်ရက် ပြီးရင် ကလေးတွေ ကျောင်းကို ပြန်သင့်တယ်လို့ ဗြိတိန်နိုင်ငံ အင်္ဂလန် ဆေးဘက်ဆိုင်ရာ အရာရှိချုပ်က ပြောလိုက်ပါတယ်။ ပညာရေး ပျက်ကွက်တာဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရတာထက် ပိုပြီး ဘေး အန္တရာယ်ကြီးတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။  စက်တင်ဘာလမှာ ကလေးတွေ ကျောင်းပြန်တက်ရေး အကြံပေးတဲ့ ရှားရှားပါးပါး ပူးတွဲ ကြေညာချက်ကို စကော့တလန်နယ်၊ ဝေလနယ်၊ မြောက်အိုင်ယာလန်နယ်နဲ့ အင်္ဂလန်နယ်တွေက ဆေးဘက်ဆိုင်ရာအရာရှိချုပ်တွေက ထုတ်ပြန်ခဲ့တာပါ။  “ကျောင်းမသွားလို့ ကလေးအများအပြား ပျက်စီးနိုင်ချေက အင်မတန်ကို ရှင်းပါတယ်။ ကပ်ဘေး ကာလမှာတောင်မှ ကလေးတွေ ကျောင်းမသွားရင် ဘေးသင့်နိုင်ချေက ကျောင်းသွားလို့ ဖြစ်မယ့်ဘေးထက် အများကြီး ပိုကြီးမယ်” လို့ အင်္ဂလန်နယ်ဆေးဘက်အရာရှိချုပ် ခရစ် ဝှစ်တီ က သြဂုတ် ၂၁ ရက် လူတွေ့မေးမြန်းခန်းမှာ ပြောဆိုပါတယ်။  ကျောင်းမနေတာဟာ မညီမျှမှု၊ အခွင့်အရေးလျော့နည်းမှုအပြင် ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးကိစ္စတွေကို ပိုဆိုးစေတယ်ဆိုတာ သက်သေတွေက ပြနေခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဒါ့အပြင် ကလေးတွေမှာ ဆိုးရွားပြင်းထန်တဲ့ ရောဂါတွေဖြစ်နှုန်း အင်မတန် နည်းတယ်ဆိုတာ ရှင်းလင်းတဲ့ သက်သေတွေ ရှိနေပြီး တကယ်လို့ ကလေးတွေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရရင်တောင် သေဖို့ ဘေးက ခြွင်းချက်မရှိ နည်းလွန်းတယ်လို့ ဆိုပါတယ်။  “ကျောင်းတွေကို စက်တင်ဘာမှာ ပြန်ဖွင့်ဖို့ဟာ လူမှုရေး၊ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အတွက် မရှိမဖြစ် အရေးကြီးတယ်။ ကိုဗစ်-၁၉ ကပ်ဘေးရှိပေမယ့် ဘေးကင်းကင်း ကျောင်း ဖွင့်နိုင်လိမ့်မယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆယ်က အခိုင်အမာ ပြောခဲ့ပါတယ်။   
1 year Ago
Up