အင်းတော်ကြီးဒေသ

A d v e r t i s e m e n t With Us

January 16, 2021

အင်းတော်ကြီးဒေသတွင် လူထုအခြေပြုသဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ ဒေသခံပြည်သူအကျိုးအတွက် လူထုအခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖော်ဆောင်သွားမယ်လို့ သိရပါတယ်။ အင်းတော်ကြီး ဇီဝအဝန်းနယ်မြေ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေနဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က အင်းတော်ကြီးမြို့ သဘာဝပြတိုက်မှာ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ FFI တို့ပူးပေါင်းပြီး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက "ဒေသခံပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို အဓိကထားတယ်။ ဒီအကျိုးစီးပွားပေါ်မူတည်ပြီးတော့ ဒေသခံတွေကလည်း အင်းတော်ကြီး ဇီဝအဝန်းနယ်မြေကို ကာကွယ်ထိန်းသိမ်းရင်းနဲ့ သူတို့အကျိုးစီးပွားတွေကို ဆောင်ရွက်လို့ရတယ် ဆိုတာကို သဘောပေါက်နားလည်အောင် အဓိကဆွေးနွေးပါတယ်။ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းရင်းနဲ့ ခရီးသွားတွေဆီက အခကြေးငွေရယူသလို ခရီးသွားဖွံ့ဖြိုးလာရင်လည်း အခကြေးငွေကနေပြီး သဘာဝထိန်းသိမ်းရေးကို ပြန်ပြီးပံ့ပိုးသွားနိုင်မှာ ဖြစ်တယ်။” လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းကို ဖော်ဆာင်မယ့် ဒေသခံကျေးရွာတစ်ရွာကို ၅၀ ရာခိုင်နှုန်းကျော် ဖော်ဆောင်မယ်ဆိုပါက မြေနေရာနဲ့ ငွေကြေးချမှတ် စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။  ပထမဆုံး စတင်အကောင်အထည်ဖော်မယ့် ကျေးရွာတွေကတော့ အင်းရှေ့ကမ်းမှာ လုံးစန့်ကျေးရွာနဲ့ အင်းနောက်ကမ်းမှာ တုံစံခကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
2 months Ago

December 29, 2020

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာရှိ စျေးဆိုင်များကို ရွာသားများဖြိုဖျက် ဖယ်ရှား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ မိုင်းနောင်ကျေးရွာမှာ စျေးဆိုင် ၁၃ ဆိုင်ကို ရွာသားတွေက ဒီဇင်ဘာ ၂၈ ရက်မနက်မှာ  ဝင်ရောက်ဖြိုဖျက် ဖယ်ရှားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သွပ်မိုးစျေးဆိုင်တန်း ၁၃ ဆိုင်ဟာ  မိုင်းနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းမြေနေရာ၊ လမ်းမြေနေရာနဲ့  လယ်ရေမြောင်းနေရာတွေကို ကျူးကျော်ဆောက်လုပ် ထားတယ်ဆိုပြီး  ရွာသားတွေက ဖြိုဖျက်ဖယ်ရှားခဲ့တာလို့ဆိုပါတယ်။ နန့်မွန်းမြို့ အုပ်ချုပ်ရေးမှူးက "မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ စည်ပင်အမှုဆောင်အရာရှိ၊ မြေစာရင်းဦးစီးတွေလာပြီး ကျေးရွာနေပြည်သူတွေဘက်က ဆိုင်ခန်းတွေ ဖယ်ရှားချင်တယ်ဆိုရင် လူစုလူဝေးနဲ့ အတင်းဖယ်ရှားဖျက်ဆီးတာမျိုးမလုပ်ဖို့၊ ကျောင်းပိုင်မြေမှာ ကျူးတာလား၊ လမ်းပိုင်မြေမှာ ကျူးတာလား၊ ကျူးကျော်တာမှန်ရင်ဥပဒေကြောင်းအရ ဖြေရှင်းဖို့ တတ်နိုင်သလောက်တားပေမဲ့ လူက ၃၀၀ ကျော်စုဝေးနေတာမို့ ထိခိုက်သူမရှိအောင်ပဲ စောင့်ကြည့်ခဲ့ရတဲ့အနေအထားပါ။ နစ်နာသူဘက်ကလည်း ဥပဒေလမ်းကြောင်းအတိုင်းသွားဖို့၊ မလိုအပ်တဲ့ပြဿနာမဖြစ်ဖို့ မြေနေရာလေးစီစဉ်ပေးဖို့မှာ ကြားခဲ့ပါတယ်” လို့ ပြောပါတယ်။ မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူးကတော့  အဆိုပါ ဈေးဆိုင်တွေဟာ လမ်းမြေ၊ ကျောင်းမြေ လယ်ရေမြောင်း ကျူးကျော်ဖြစ်လို့  ၃ ကြိမ်အစည်းအဝေးပြုလုပ်ကာ နို့တစ်စာပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။  ဆိုင်ခန်းပိုင်ရှင်တွေကတော့  ဆိုင်ခန်းတွေဟာ ကျောင်းမြေလည်းလွတ်ပြီး လမ်းမြေကိုလည်း မကျူးကျော်ကြောင်းနဲ့ စျေးထဲနေရာမရှိတဲ့အတွက် ဈေးရှေ့မှာ အရင်ကျေးရွာ ဥက္ကဋ္ဌက နေရာပေးထားတာလို့ ပြောပါတယ်။ ရေမြောင်းကိုခွပြီး ဈေးဆိုင်တွေဆောက်ထားတာဖြစ်ပြီး ၁၅ နှစ်ခန့်ကြာ ရိုးရိုးသားသား စျေးရောင်းစားနေတာကို  တုတ်၊ ဓား၊ လက်နက် လူအင်အားနဲ့ မတရားအနိုင်ကျင့်တာဖြစ်တဲ့ အတွက်  အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းကူညီပေးဖို့ ပြောပါတယ်။ သတင်း- မုန်းမုန်းမင်း  
2 months Ago
Up